အရေးပေါ်အခြေအနေကြေညာထားသည့် သီရိလင်္ကာတွင် ဆက်လက်ဆန္ဒပြ

သီရိလင်္ကာနိုင်ငံမှာ သမ္မတက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထားပေမဲ့ ဆန္ဒပြသမားတွေဟာ မေ ၇ ရက်နေ့မှာလည်း လမ်းပေါ် ထွက်ပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ ကိုလံဘိုမြို့မှာရှိတဲ့ သမ္မတ ဂူတာဘာယာ ရာဂျာပက်စာရဲ့ ရုံးရှေ့၊ သမ္မတရဲ့အကို ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်စာရဲ့ ရုံးရှေ့မှာ စုရုံးပြီး အစိုးရတဖွဲ့လုံး နုတ်ထွက်ပေးဖို့ ဆက်လက်တောင်းဆိုခဲ့ကြတာပါ။
မေ ၆ ရက်နေ့က လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြနေသူတွေကို ရဲအဖွဲ့က မျက်ရည်ယိုဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ပါတယ်။
ဒါဟာ တလကျော်ကြာ နေပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ ရုန်းရင်းဆန်ခတ် အခြေအနေမျိုးပါပဲ။
သီရိလင်္ကာနိုင်ငံမှာ အစားသောက်ဈေးနှုန်းတွေ၊ လောင်စာဆီနဲ့ ဆေးဝါး ဈေးနှုန်းတွေ မြင့်တက်နေတာကို မကျေနပ်လို့ နိုင်ငံတဝန်းက မြို့တွေမှာ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ အတိုက်အခံပါတီကို ထောက်ခံသူတွေ ဆန္ဒပြနေကြတာပါ။
အခုထုတ်ပြန်ထားတဲ့ သမ္မတရဲ့ နိုင်ငံတော် အရေးပေါ် အမိန့်ဟာ ဘယ်လိုမျိုးလဲ ဆိုတာကိုတော့ မသိရပါဘူး။
အရင်က နိုင်ငံတော် အရေးပေါ်အမိန့် ထုတ်ပြီးရင် သမ္မတက စစ်တပ်ကို စေလွှတ်တာမျိုး၊ လူတွေကိုလည်း တရားရုံးမတင်ဘဲ ထိန်းသိမ်းထားတာမျိုး၊ ဆန္ဒပြသမားတွေကို အကြမ်းနည်းနဲ့ လူစုခွဲတာတွေကို လုပ်ခဲ့ဖူးပါတယ်။