အောင်မြင်မှုသမိုင်းကြောင်းကြည့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပေးမည့်အပေါ် ပရိသတ်များဝေဖန်

အောင်မြင်မှုသမိုင်းကြောင်းကို ကြည့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာပေးမယ့် ယူအီးအက်ဖ်အေရဲ့ အစီအစဉ်အပေါ် ဘောလုံးပရိသတ်တွေက ဝေဖန်နေကြပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီဝင်တွေဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တဲ့ အသင်းတွေအတွက် သူတို့ရဲ့ အောင်မြင်မှု အစဉ်အလာကို ကြည့်ပြီး အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ၂ သင်းကို အုပ်စုအဆင့် တိုက်ရိုက်ကစားခွင့်ပေးဖို့ အဆိုပြုထားပါတယ်။
အဲဒီအစီအစဉ်ကို လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဖို့ ရှိပေမယ့် ဥရောပတလွှားက ပရိသတ်တွေကတော့ ကန့်ကွက်မှုတွေ လုပ်ဆောင်နေကြပါတယ်။
ယူအီးအက်ဖ်အေရဲ့ အစီအစဉ်သစ်ဟာ ဥရောပလိဂ်တွေထဲမှာ အဆင့်သတ်မှတ်ချက် မြင့်မားတဲ့ အင်္ဂလန်အသင်းတွေအတွက် အကျိုးကျေးဇူးရှိနိုင်ပြီး စုစုပေါင်း ၅ သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖွယ် ရှိနေတာပါ။
ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ၃၂ သင်းကနေ ၃၆ သင်းအထိ တိုးမြှင့်ချင်တာပါ။ အဲဒီထပ်တိုးလေးနေရာမှာ နှစ်နေရာက ယူအီးအက်ဖ်အေရဲ့ အဆင့်သတ်မှတ်ချက် ပဉ္စမနေရာက လိဂ်ပြိုင်ပွဲရဲ့ အဆင့် ၃ ရအသင်းနဲ့ ချန်ပီယံလမ်းကြောင်းကနေ ဝင်ခွင့်ရမယ့် ပြည်တွင်းလိဂ်ချန်ပီယံတသင်း တိုးမြှင့်ဖို့လည်း ပါဝင်ပါတယ်။