ခါကိဗ်ဒေသမှ ရုရှားတပ်များကို ယူကရိန်း ပြန်တိုက်ထုတ်လိုက်ပြီဟု သမ္မတပြော

ယူကရိန်းတပ်တွေဟာ ခါကိဗ်ဒေသကနေ ရုရှားတပ်တွေကို ပြန်လည်တိုက်ထုတ်လိုက်ပြီလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ရုရှားတပ်တွေ ပြန်ဆုတ်သွားရတဲ့ ခါကိဗ်ဒေသမှာ ရုရှားစစ်သား အလောင်းတွေကို ယူကရိန်း ဗော်လံတီယာတွေက လိုက်ကောက်ပြီး မြေမြှုပ်နေတဲ့ ဓာတ်ပုံတွေ၊ ယူကရိန်း စစ်သားတွေ ဒေသကို ပြန်သိမ်းပိုက်ပြီး ကင်းလှည့်နေတဲ့ သတင်းဓာတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။
ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက လက်နက်အကူအညီတွေနဲ့ ဇွန်လ အစောပိုင်းလောက်ကစလို့ ရုရှားကို တန်ပြန်တိုက်စစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။
ယူကရိန်းတပ်တွေ ခါကိဗ်ဒေသကို ပြန်လည်ထိန်းချုပ်လိုက်တာဟာ ယူကရိန်းဘက်က တန်ပြန်ထိုးစစ်ကို စတင်လိုက်တဲ့ သဘောဖြစ်လို့ ယူကရိန်း-ရုရှား စစ်ဟာ နောက်တဆင့်ကို တက်လာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားဘက်က သူတို့သုံးနှုန်းနေတဲ့ စကားအတိုင်း ယူကရိန်းမှာ တိုက်နေတဲ့ အထူးစစ်ဆင်ရေးမှာ နျူကလီးယားလက်နက်ကို အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ ခါကိဗ်မြိုရဲ့ မြောက်နဲ့ အရှေ့ပိုင်းက ရုရှားတပ်တွေ သိမ်းထားတဲ့ ရွာတွေကို မေ ၁၀ ရက်နေ့က ပြန်သိမ်းပြီး ရုရှားတပ်တွေ ရှေ့တက်လို့မရအောင် ပိတ်ဆို့ထားလိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ခါကိဗ်ဟာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စစ်ပွဲစတင်ကတည်းက အမြောက်ဒဏ်၊ ဗုံးဒဏ် ခံနေရတဲ့မြို့ ဖြစ်ပါတယ်။
မဟာဗျူဟာအရ အရေးကြီးတဲ့ ဒီမြို့ကို ရုရှားတပ်တွေက ဖေဖော်ဝါလ နှောင်းပိုင်းကတည်းက အဆက်မပြတ် တိုက်ခိုက်နေသလို ယူကရိန်းတပ်တွေ ဘက်ကလည်း ပြန်လည်ခုခံနေလို့ ပြီးခဲ့တဲ့ ရက်တွေအထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။