close

စစ်ကောင်စီတပ်မီးရှို့မှုကြောင့် ကလေးမြို့နယ် ရှားဖိုးကျေးရွာက အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားဖိုကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေ ၂ ရက်နဲ့ ၃ ရက် နှစ်ရက်ဆက်တိုက်မီးရှို့တာကြောင့် အိမ်ခြေ ၁၀၆ လုံးနဲ့ စပါးကျီ ၁၁ လုံး မီးလောက်ဆုံးရှုံးခဲ့ရပြီး အိမ်ခြေ ၅၀၀ လောက်က ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေ ၁ ရက်နေ့မှာ ရွာတောင်ဘက်ကနေ စစ်ကြောင်းထိုးလာပြီး ရဟတ်ယာဉ် ၂ စီးနဲ့ ပတ်ချာလည် ပစ်ခတ်ခဲ့တာကြောင့် အိမ်ခြေ ၅၀၀ လောက်က ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၆၀ လောက်က ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တယ်လို့ ရှားဖိုရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ကြတာဗျ။ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ပေးလိုက်တဲ့အချိန်မှာ သူတို့က ရွာထဲကိုဝင်ပြီး အနောက်ပိုင်းကနေ စရှို့တာဗျ။ ရွာထဲမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ပြီး နှစ်ရက်ဆက်တိုက်မီးရှို့တာ၊ နေအိမ် ၁၀၆ လုံးနဲ့ စပါးကျီ ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။”

စစ်ကောင်စီစစ်ကြောင်း ဝင်လာတာကြောင့် ဒေသခံတွေ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ကြရပြီး တောထဲပုန်းနေတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ ဖြစ်သလို နေထိုင်စားသောက်ကြရပြီး ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဖျားနာရောဂါတွေဖြစ်ပွားနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ ဆေးဝါးတွေအကူညီလိုအပ်နေသလို မိုးရာသီရောက်တော့မှာဖြစ်လို့ အမိုးအကာနဲ့ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဧပြီ ၂၅ ရက်နေ့အထိ ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူ ၂၄၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ UNOCHA မြန်မာက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up