close

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီအတွက်ပို့ပေးသည့် ဆီပေပါများ နဂါးညီနောင်အဖွဲ့က သိမ်းဆည်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းမှာ စစ်ကောင်စီအတွက် ပို့ဆောင်ပေးတဲ့ ဆီပေပါတွေနဲ့ ဆန်၊ ဆီ ရိက္ခာတွေ သိမ်းဆည်းရမိတယ်လို့ နဂါးညီနောင်အဖွဲ့က မေ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နဂါးညီနောင်အထူးတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့ဟာ မုံရွာ - ဟုမ္မလင်းမြို့ကို ထွက်ခွာလာတဲ့ ကုန်တင်အမြန်ယာဉ် လေးစီးကို စစ်ဆေးရာမှာ စစ်ကောင်စီရဲ့ ယန္တရားတွေအတွက် အသုံးပြုမယ့် ဓာတ်ဆီ သုံးပေပါနဲ့ ဒီဇယ်ဆီ လေးပေပါကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အမြန်ရေယာဉ်ပိုင်ရှင်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မပတ်သက်ဖို့၊ သယ်ယူပို့ဆောင်တာ လုံးဝမလုပ်ကြဖို့ ခံဝန်ကတိ ထိုးခိုင်းပြီ ပြန်လွှတ်ပေးလိုက်တယ်လို့ နဂါးညီနောင် အထူးတပ်ဖွဲ့က ပြောဆိုထားပါတယ်။

နဂါးညီနောင်အဖွဲ့ခေါင်းဆောင် ဗိုလ်မင်းမင်းက “ကျနော်တို့အဖွဲ့အနေနဲ့ စစ်ကောင်စီက ရေလမ်းကြောင်းကနေ ပုဂ္ဂလိကစီးပွားရေးသမားတွေကို အသုံးချပြီး ထောက်ပို့လုပ်ဆောင်နေတယ်လို့ အတွင်းသတင်းပေးရှိလာလို့ ဒီမေလဆန်းပိုင်းက စပြီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်။ အဲဒီလို စစ်ဆေးတာတွေ ပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ရိက္ခာ ၂ ကြိမ် စစ်ဆေးတွေ့ရှိရတယ်။ အဲတာတွေက ဆန်၊ ဆီ၊ ပဲတွေက ပထမအကြိမ်မှာ ဖမ်းဆီးနိုင်ခဲ့တယ်။ ဒာခုဒုတိယအကြိမ်ကတော့ ဒီဇယ်၊ ဓာတ်ဆီနဲ့ ဆန်ဆီတွေ သိမ်းနိုင်ခဲ့တယ်။ ကာလတန်ကြေးအနေနဲ့ နှစ်ကြိမ်ပေါင်း သိန်း ၇၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်ဗျ။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ပစ္စည်းမှန်သမျှကို မသယ်ဆောင်ဖို့ ပြောခြင်ပါတယ်။‌   နောက်‌နောင် သယ်ဆောင်လာသူတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူတာတွေ လုပ်တော့မယ်” လို့ ပြောပါတယ်။

အဆိုပါဖမ်းဆီးစစ်ဆေးရေးကို  နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF)၊ Yoma Fighter (Yinmarbin PDF)၊ Kani People Defense Force (KLG)၊ Spring Gurellia Platoon (နွေဦးပျောက်ကြားတပ်စု)၊ ဒေါင်းလုလင် (LPDF)၊ ဗိုလ်မီးတောက် မဟာမိတ် တပ်ပေါင်းစုတို့က ဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

ချင်တွင်းမြစ်အတွင်း သွားလာနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စစ်ဆေးခံရတာတွေ ရှိနေသလို စစ်ကောင်စီတပ်ကလည်း မင်းကင်းမြို့နယ် တောင်ဖြူရွာ၊ ပန်းဆက်ရွာနဲ့ မောက်ကတော်ရွာတွေကနေ ဂိတ်သုံးဂိတ်ဖွင့်ပြီး လာသမျှ မော်တော် အစုန်၊ အဆန်တွေကို တစီး ဘယ်လောက်ပေးရမယ်ဆိုပြီး ဆက်ကြေးတောင်းတာတွေ ခံနေရတယ်လို့ ပုဂ္ဂလိကမော်တော်ယာဉ်ပိုင်ရှင်တွေက ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up