မန်ယူလူငယ်အသင်း အက်ဖ်အေဖလားဗိုလ်စွဲ၊ ပရိသတ်အားပေးမှု စံချိန်သစ်တင်

မန်ယူလူငယ်အသင်းက နော်တမ်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ လူငယ်အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပရိသတ်ခြောက်သောင်းကျော် လာရောက်အားပေးခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။
မနေ့က အိုးထရတ်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ လူငယ်အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ပရိသတ် ၆ သောင်း ၇ ထောင်ကျော် လာရောက်အားပေးခဲ့ကြပြီး မန်ယူအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ မန်ယူလူငယ်အသင်းက အာဂျင်တီးနားကစားသမားလေး ဂါနာချိုက ၂ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပြီး ဂိုးသွင်းယူအပြီးမှာ စီရော်နယ်ဒိုလို အောင်ပွဲခံခဲ့ပါတယ်။
အခုပြိုင်ပွဲသမိုင်းမှာ ပရိသတ်ဝင်ရောက် ကြည့်ရှုမှုအများဆုံးအနေနဲ့ စံချိန်တင်ခဲ့တာက ၂ဝဝ၇ ခုနှစ်မှာ မန်ယူနဲ့ အာဆင်နယ်လူငယ်တို့ရဲ့ ဗိုလ်လုပွဲစဉ်ဖြစ်ပြီး ပရိသတ် ၃ သောင်း ၈ ထောင်ကျော်ဝင်ရောက်ကြည့်ရှုခဲ့တာပါ။
မန်ယူလူငယ်အသင်းအတွက် ၁၁ ကြိမ်မြောက် အက်ဖ်အေဖလားချန်ပီယံဖြစ်ပြီး အအောင်မြင်ဆုံးအသင်းအဖြစ် စံချိန်တင်ထားပါတယ်။
မန်ယူလူငယ်အသင်းရဲ့ ပွဲစဉ်ကို နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ အသင်းကြီးက စီနီယာ ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ ဖာနန်ဒက်စ်၊ ဖေးဂျုံးစ်တို့လည်း လာရောက်အားပေးကြည့်ရှုခဲ့ပါတယ်။