close

နေတိုးအဖွဲ့ဝင်ဖြစ်ရေး အချိန်မဆွဲဘဲ လျှောက်ထားရမည်ဟု ဖင်လန်သမ္မတပြော

ဖင်လန်နိုင်ငံဟာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဖို့ အချိန်မဆွဲဘဲ လျှောက်ထားရမယ်လို့ ဖင်လန်သမ္မတ ဆောင်လီ နီးနစ္စတိုနဲ့ ဝန်ကြီးချုပ် စန်နာ မာရင်တို့က မေ ၁၂ ရက်မှာ ပြောလိုက်ကြပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော်အပြီး အကြီးစား မူဝါဒအပြောင်းအလဲပါ။ ရုရှားနဲ့ ခက်ခဲတဲ့ အတိတ်ဇာတ်ကြောင်းရှိပြီး နယ်စပ်ချင်း မိုင် ၈၁၀ ထိစပ်နေတဲ့ ဖင်လန်ဟာ ရုရှားက ခရိုင်းမီးယားကို ကျူးကျော်တဲ့ ၂၀၁၄ ခုနှစ်တည်းက စပြီး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ကြီး နေတိုးနဲ့ မိတ်ဘက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေ တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်ချိန် မတိုင်ခင်အထိ ဥရောပမြောက်ပိုင်းနိုင်ငံဖြစ်တဲ့ ဖင်လန်ဟာ အရှေ့ဘက်က အိမ်နီးချင်း ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းထားဖို့ နေတိုးနဲ့ မပူးပေါင်းဘဲ နေခဲ့တာပါ။ 

ခုတော့ ဖင်လန်ဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အချိန်မဆွဲဘဲ လျှောက်ထားရမယ်လို့ နီးနစ္စတိုနဲ့ မာရင်တို့က ပူးတွဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါပြီ။

ဒီဆုံးဖြတ်ချက်ကို အမြန်ချမှတ်ဖို့ လိုနေသေးတဲ့ နိုင်ငံအဆင့် ခြေလှမ်းတွေကို လာမယ့် ရက်အနည်းငယ်အတွင်း ဆက်လျှောက်လှမ်းမယ် မျှော်လင့်တယ်လို့လည်း သူတို့က ပြောပါတယ်။

တကယ်လို့ ဖင်လန်နိုင်ငံဟာ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ကို ပူးပေါင်းဖို့ လျှောက်ထားရေး သမိုင်းဝင်ခြေလှမ်းကို လှမ်းခဲ့မယ်ဆိုရင် ကမ္ဘာ့လူ့အဖွဲ့အစည်း တရပ်လုံးကို အားဖြည့်ဖို့နဲ့ သူ့နိုင်ငံသားတွေ လုံခြုံရေးအတွက်သာ ဖြစ်လိမ့်မယ်လို့ ဂျပန်မြို့တော် တိုကျိုကို အလည်အပတ်ရောက်နေတဲ့ ဖင်လန်ဝန်ကြီးချုပ် စန်နာ မာရင်က မေ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲလို့ မာရင်က ပြောပါတယ်။

သူဟာ ဖင်လန်သမ္မတ ဆောင်လီ နီးနစ္စတိုနဲ့ မတွေ့ခင် တရက်အလိုမှာ ဂျပန်ဝန်ကြီးချုပ် ဖုမိအို ခိရှိဒါ့နဲ့ တွေ့ဆုံခဲ့တာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်လိုက်လို့ ဖင်လန်နဲ့ အိမ်နီးချင်း ဆွီဒင်နိုင်ငံတွေက နေတိုးမဟာမိတ်အဖွဲ့ဝင် ဖြစ်ရေး လျှောက်ထားဖို့ တွန်အားပေးခဲ့တာပါ။

အရင်ကတော့ လူသိရှင်ကြား ဘက်မလိုက်တဲ့နည်းက ငြိမ်းချမ်းရေးကို အကောင်းဆုံး ထိန်းသိမ်းနိုင်တဲ့နည်းလို့ ဆယ်စုနှစ်တွေချီပြီး ယုံကြည်ခဲ့ကြပေမဲ့ ခုတော့ အဲဒီယုံကြည်ချက်ကို စွန့်ပယ်ခဲ့ကြပါတယ်။

၂ နိုင်ငံလုံးဟာ နေတိုးရဲ့ နီးကပ်တဲ့မိတ်ဘက်တွေဖြစ်ပြီး နှစ်ပေါင်းများစွာ ပူးတွဲ စစ်ရေးလေ့ကျင့်ရာမှာ ပါဝင်ခဲ့ကြပါတယ်။

//
Up