မန်ယူလက်ထောက်နည်းပြရာထူးအတွက် မက္ကလာရင်ကို ခန့်အပ်ရန် နည်းပြတန်ဟတ်ဂ် ဆုံးဖြတ်

မန်ယူနည်းပြချုပ် အဲရစ်တန်ဟတ်ဂ်ဟာ လက်ထောက် နည်းပြရာထူးအတွက် အင်္ဂလန်နည်းပြဟောင်း မက္ကလာရင်ကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
တန်ဟတ်ဂ်ဟာ အိုင်းယက်စ်အသင်းနဲ့အတူ လိဂ်ချန်ပီယံအဖြစ်အောင်ပွဲခဲ့ပြီး နောက်တနေ့မှာ ယူနိုက်တက်အသင်းရဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အစည်းအဝေးတခု ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
ဟော်လန်နိုင်ငံ အမ်စတာဒမ်မှာပြုလုပ်ခဲ့တဲ့ ပထမဆုံးအစည်းအဝေးကို လက်ထောက်နည်းပြဖြစ်လာမယ့် မက္ကလာရင်လည်း ပါဝင်ခဲ့ပြီး အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အသင်းနဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက် ထောက်နည်းပြဖြစ်လာမယ့် စတိဗ်မက္ကလာရင်ဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ နည်းပြဖာဂူဆန်ရဲ့လက်ထောက်နည်းပြအနေနဲ့လည်း ယူနိုက်တက်မှာ တာဝန်ထမ်းဆောင်ဖူးပါတယ်။
အဲဒီနောက် အင်္ဂလန်လက်ရွေးစင်အသင်းကိုလည်း တနှစ်ကြာကိုင်တွယ်ဖူးပြီး အက်ဖ်စီတွမ်တီး၊ ဝုဗ်ဘက်၊ နော်တမ်ဟမ်၊ ဒါဘီကောင်တီ၊ နယူးကာဆယ်နဲ့ ကျုပီအာအသင်းတွေမှာ နည်းပြချုပ် အနေနဲ့ တာဝန်ယူခဲ့ဖူးပါတယ်။
နည်းပြချုပ်တန်ဟတ်ဂ်ဟာ အစည်းအဝေးမှာ ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ခေါ်ယူဖို့လည်း တင်ပြခဲ့ပြီး သဘောတူညီချက်ရခဲ့တယ်လို့ သိရပါတယ်။