close

အာဆီယံအတွက် ဒေါ်လာသန်း ၁၅၀ ကူညီမည်ဟု အမေရိကန်သမ္မတ ကတိပြု

Photo - President Joe Biden Facebook

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ပထမနေ့မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံနိုင်ငံတွေအတွက် ဒေါ်လာ သန်း ၁၅၀ အကူအညီပေးသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

အမေရိကန်ရဲ့ အကူအညီတွေဟာ အခြေခံအဆောက်အအုံ၊ လုံခြုံရေး၊ ရောဂါကပ်ဘေး ကြိုတင်ကာကွယ်ရေးနဲ့ တရုတ်ရဲ့သြဇာ လွှမ်းမိုးမှုကို ပြန်လည်ထိန်းညှိသွားဖို့ ရည်ရွယ်ပါတယ်။

အမေရိကန်သမ္မတနဲ့ အာဆီယံခေါင်းဆောင်တွေ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးဟာ မေ ၁၂ ရက်က ဝါရှင်တန် အိမ်ဖြူတော်မှာ ညစာစားပွဲနဲ့ စတင်ခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ညစာစားပွဲ မစတင်ခင်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်တွေက ကိုယ်စားလှယ်တွေ စုပေါင်းဓာတ်ပုံရိုက်စဉ်မှာ သမ္မတ ဂျိုးဘိုင်ဒင်ကို ပြုံးပြုံးရွှင်ရွှင် တွေ့ရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အာဆီယံခေါင်းဆောင်တွေကို သမ္မတအိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် ကြိုဆိုတွေ့ဆုံခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ အာဆီယံဒေသရှိ လူဦးရေ သန်းတထောင်အတွက် လုံခြုံရေး၊ ချမ်းသာဝပြောရေးနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ အရေးတွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတဘိုင်ဒင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ဖို့ ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတာဖြစ်ပြီး မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အစည်းအဝေးတက်ခွင့် မရခဲ့ပါဘူး။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးလည်း အစည်းအဝေး တက်ရောက်တာ မတွေ့ရပါဘူး။

ဒီနေ့ မေ ၁၃ ရက်မှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့ အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။

နှစ်ရက်တာ ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းအရေးဟာလည်း ဆွေးနွေးမယ့် ခေါင်းစဉ်တခုအဖြစ် ပါဝင်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

အခု ထိပ်သီးအစည်းအဝေးဟာ အမေရိကန်က တရုတ်သြဇာ ဖြန့်ကျက်နေတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဆက်ပြီး အာရုံစိုက်နေတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ တရုတ်ဟာ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနဲ့ စီးပွားရေး ပြန်လည်နာလန်ထရေးအတွက် သုံးနှစ်စာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို ကတိပြုထားပြီး ဖြစ်ပါတယ်။

//
Up