လီဗာပူးအသင်း ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အက်ဖ်အေဖလား ချန်ပီယံဆုဖလားရရှိ

မနေ့ညက ကစားသွားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ လီဗာပူးက ချဲလ်ဆီးကို ပင်နယ်တီ အဆုံး အဖြတ်မှာအနိုင်ရပြီး ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပွဲချိန်မိနစ် ၃ဝ ကျော်ကတည်းက အဓိကတိုက်စစ်ကစားသမား ဆာလက် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပေမယ့် လူးဝစ်ဒီယက်ဇ်ရဲ့ ကန်သွင်းချက်တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန်အတွင်းနဲ့ အချိန်ပိုမိနစ် ၃ဝ မှာပါ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာပါ။ ပင်နယ်တီ ၇ ကြိမ်စီကန်သွင်းခဲ့ရာမှာ ချဲလ်ဆီးက အက်ဇ်ပီလီကွယ်တာ နဲ့ မေဆန်မောင့်တို့ ဂိုးမဝင်ခဲ့ဘဲ လီဗာပူးက မာနေးတဦးသာ ဂိုးမဝင်ခဲ့တာကြောင့် ၆ ဂိုး ၅ ဂိုးနဲ့ လီဗာပူးက အနိုင်ရခဲ့ပြီး ၈ ကြိမ်မြောက် အက်ဖ်အေဖလားရယူနိုင်ခဲ့တာပါ။
ဒီဆုဖလားဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာဖြစ်သလို နည်းပြ ယာဂန်ကလော့ပ်အတွက်လည်း အက်ဖ်အေဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဆုံး ဂျာမန်နည်းပြ ဖြစ်လာခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လိဂ်ဖလားမှာလည်း ချဲလ်ဆီးကို ပင်နယ်တီနဲ့ပဲ အနိုင်ယူခဲ့တာဖြစ်ပြီး တရာသီအတွင်း ပြိုင်ပွဲနှစ်ခုစလုံးမှာ ချဲလ်ဆီးကို အနိုင်ယူ ဗိုလ်စွဲခဲ့တာပါ။
ချဲလ်ဆီးအတွက်တော့ အက်ဖ်အေဖလားဗိုလ်လုပွဲကို ၃ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပေမယ့် ၃ ကြိမ်စလုံး ရှုံးနိမ့်ခဲ့ ရတာပါ။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ထားသလို ပရီးမီးယား လိဂ်ပြိုင်ပွဲလည်း ရှိနေသေးလို့ တရာသီအတွင်း ဆုဖလား ၄ လုံးအထိ မျှော်လင့်ခွင့် ဆက်ပြီးရှင်သန်လာခဲ့ပါတယ်။