ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အရှေ့ဘက် ၁ မိုင်လောက်အကွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်လောက်ကို မေလ ၁၆ ရက် မနက် ၁၁ နာရီဝန်းကျင်က ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်လောက် သေဆုံးသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးမဟာဗန္ဓုလတပ်ရင်းက ထုတ်ပြန်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့သလို မပြေးနိုင်တဲ့ တပ်ဖွဲ့ဝင်တယောက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။
ဘုတလင်PDF မဟာဗန္ဓုလတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက "လက်နက်ကြီးတချက်ကျလို့ ကျနော်တို့ဘက်က ရဲဘော်တချို့ ဒဏ်ရာရတယ်။ အဲဒီထဲက ဒဏ်ရာနဲ့ မပြေးနိုင်တဲ့ ရဲဘော် အဆိတ် အသက် (၁၉ ) နှစ်ကတော့ မိသွားရင်း သေနတ်နဲ့ ၂၆ ချက်တိတိ မသေမချင်း ပစ်သတ်ခံလိုက်ရတယ်။ အဓိက လက်နက်မပြည့်စုံတာလည်း ပါတာပေါ့။ မိုင်းဆွဲရင်း ပြေးရင်း တိုက်ရတာဆိုတော့ မိမိဘက်မှာ အားနည်းချက်တွေ အများကြီးပဲ။ ဒီတိုက်ပွဲမှာ ကျနော်တို့ ဆိုင်ကယ်အစင်း ၆၀ ကျော်လည်း မီးရှို့ခံလိုက်ရတယ်။ တကယ်လို့သာ ကျနော်တို့မှာ လက်နက်ပြည့်စုံရင် ဒီလောက်ထိ ထိခိုက်မှာ မဟုတ်ပါဘူး။ ကျဆုံးရဲဘော်ကိုလည်း အလေးပြုအခမ်းအနားနဲ့ သင်္ဂြိုဟ်လိုက်ပါတယ် " လို့ ပြောပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် မဟာဗန္ဓုလတပ်ရင်း ၊ ဘုတလင်မြို့နယ် Local PDF အဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ တရားဝင်အဖွဲ့စည်းအဖြစ် စာရင်းတင်သွင်းထားပြီး လက်နက်ခဲယမ်းလိုအပ်မှုကိုလဲ တင်ပြထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဘုတလင်မြို့နယ်တွင်း ကျေးရွာတချို့ကို စစ်ကောင်စီဘက်မှ ဆက်တိုက် စစ်ကြောင်းထိုးတိုက်ခိုက်တာတွေ အဆက်မပြတ်ပြုလုပ်နေပါတယ်။