ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ များလာသည့် မြောက်ကိုရီးယားကို တောင်ကိုရီးယားက ကူညီမည်

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံ သေဆုံးသူ အရေအတွက် မေ ၁၅ ရက်မှာ ၄၂ ယောက်ထိ မြင့်တက်လာပြီလို့ အစိုးရရုပ်သံ KRT က ထုတ်လွှင့်ပါတယ်။
ပြုံယမ်းမြို့တော် ကင်မ်မာနျူဆေးရုံက ဆရာဝန်များအစည်းအဝေးလုပ်နေပုံ၊ ဆေးရုံတွေမှာ ကာကွယ်ရေး ဝတ်စုံ ဝတ်ထားတဲ့ လုပ်သားတွေက ပိုးသတ်ဆေး ဖြန်းနေပုံနဲ့ လမ်းတွေ လူသူကင်းမဲ့နေပုံ ရုပ်သံတွေကိုလည်း မေ ၁၄ ရက်က ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပါသေးတယ်။
အဖျားတက် ၊ ခေါင်းကိုက်ပြီး ကြွက်သားတွေ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတဲ့အခါ ဆားရေနဲ့ မကြာခဏ ပလုတ်ကျင်းဖို့၊ အိုင်ဗျူပရိုဖန်၊ ပါရာစီတမောနဲ့ ကိုရီးယားတိုင်းရင်းဆေး အမျိုးမျိုးကို သောက်သုံးဖို့ကိုလဲ ဆရာဝန်တယောက်က အကြံပြထားပါတယ်။
မြောက်ကိုရီးယားမှာ စုစုပေါင်းအနေနဲ့ ကိုဗစ် သံသယရှိလူနာဦးရေ ၈၂၀၀၀၀ ကျော်ရှိပြီး ၃၂၀၀၀၀ သောင်းကျော်ကတော့ ဆေးကုသခံနေဆဲလို့ မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ဖော်ပြပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကတော့ သူ့နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ အထီးကျန် မြောက်ကိုရီးယားကို အစွမ်းကုန် ကူညီရသွားမယ်လို့ မေ ၁၆ ရက်မှာ ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေအတွက် လမ်းဖွင့်ထားမယ်လို့လည်း ပြောပါတယ်။
“တကယ်လို့ မြောက်ကိုရီးယားက ကျနော်တို့ရဲ့ အထောက်အပံ့ကို တုံ့ပြန်မယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေ၊ ဆေးဘက် ပစ္စည်းကိရိယာတွေနဲ့ ကျန်းမာရေးအရာရှိတွေ အပါအဝင် ဘာကိုမှ မချန်ဘဲ ကူညီမယ်”လို့ ယွန်းက အမျိုးသားညီလာခံ အစည်းအဝေးအတွင်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။
မြောက်ကိုရီးယားဟာ အရင်အပတ်ကစပြီး ပထမဆုံးအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကြီးအကျယ် ကူးစက်နေလို့ ရင်ဆိုင်နေရကြောင်း အသိအမှတ်ပြု ကြေညာခဲ့ပါတယ်။
အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်ကတဆင့် ကမ္ဘာ့ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက်မှာ ပူးပေါင်း ဆောင်ရွက်ရေးတွေ အားဖြည့်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဆွေးနွေးမယ်လို့လည်း သီးခြားမိန့်ခွန်းထဲမှာ ယွန်းက ပြောခဲ့ပါတယ်။
ဘိုင်ဒန်က တောင်ကိုရီးယားနိုင်ငံကို မေ ၂၀ ရက်မှာ လာရောက် လည်ပတ်ဖို့ စီစဉ်ထားပါတယ်။