close

မာရီယူပိုးဆိပ်ကမ်းမြို့ ရုရှားကျူးကျော်စစ်ဒဏ် အများဆုံးခံခဲ့ရ

ရုရှားကျူးကျော်စစ်အတွင်း စစ်ဘေးဒဏ် အများဆုံးခံရတဲ့မြို့ဟာ ယူကရိန်းတောင်ပိုင်းက မာရီယူပိုး ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်။

နှစ်လကျော်ကြာ ရုရှားရဲ့ ကျူးကျော် အမြောက်ဒဏ်၊ ဗုံးဒဏ်ခံထားရတဲ့ ဒီမြို့ရဲ့ လက်ရှိ အပျက်အစီး အခြေအနေကို စစ်ပွဲမစတင်ခင်က ရိုက်ကူးထားတဲ့ ဒရုန်းမှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် တွေ့နိုင်ပါတယ်။

ဧပြီ ၁၉ ရက်က ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ အာဇိုစတယ် သံမဏိစက်ရုံကနေ မီးခိုးတွေ ထွက်ပေါ်နေတာ တွေ့ရပါတယ်။ ဒီစက်ရုံဟာ ရုရှားတပ်တွေနဲ့ ယူကရိန်းတပ်တွေ တိုက်ပွဲပြင်းထန်တဲ့ စစ်မြေပြင်နေရာပါ။

မာရီယူပိုး မြို့တော်ကောင်စီက ထုတ်ပြန်လိုက်တဲ့ အပျက်အစီးမှတ်တမ်းမှာ စက်ရုံမှာ၊ အဆောက်အအုံတွေ၊ ပျက်စီးနေပုံ၊ ပေါက်ကွဲမှု အပိုင်းအစတွေကို မြင်ရပါတယ်။

ဧပြီ ၁၅ ရက်နေ့က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုမှာလည်း သံမဏိစက်ရုံမှာ ပျက်စီးနေတာ၊ ဧပြီလအတွင်း မှတ်တမ်းယူထားတဲ့ ဗွီဒီယိုမှာ ရုရှားဘက်က လေကြောင်းကနေ တိုက်ခိုက်တာ ခံလိုက်ရတဲ့ မာရီယူပိုးမြို့ရဲ့ ပြဇာတ်ရုံ ပျက်စီးနေတာတွေကို တွေ့ရပါတယ်။

မေ ၁၁ နဲ့ ၁၂ ရက်တွေမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ မြို့ထဲက လူနေအဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးနေတာကို နောက်ဆုံး တွေ့ကြရတာပါ။

မာရီယူပိုးမြို့ဟာ ကြီးမားတဲ့ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လို့ ရုရှားအတွက် မဟာဗျူဟာအရ အရေးပါသလို အရှေ့နဲ့ အနောက် ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းပေါ်မှာ တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ဒီမြို့ကတဆင့် ရုရှားက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကို တိုက်ရိုက် ခရီးပေါက်ပါတယ်။

ဒါကြောင့် ရုရှားဟာ မာရီယူပိုးမြို့ကို သိမ်းဖို့ စစ်ပွဲစတင်ပြီး သိပ်မကြာခင် အချိန်ကတည်းက အသည်းအသန် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

မြို့ကို ရုရှားတပ်တွေက ရက်သတ္တပတ်ပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်နေပေမဲ့ အရှုံးမပေးတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေဟာ ဆိုဗီယက်ခေတ် သံမဏိစက်ရုံကို နောက်ဆုံးခံတပ်လုပ်ပြီး ခုခံနေတာကြောင့် မာရီယူပိုးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

//
Up