စစ်ရာဇဝတ်မှုဖြင့် တရားစွဲထားသည့် ရုရှားစစ်သုံ့ပန်းအား ကီးယက်ဗ်မြို့ တရားရုံးတွင် စစ်ဆေး

ယူကရိန်းစစ်တပ်က ဖမ်းဆီးမိထားတဲ့ ရုရှား စစ်သုံ့ပန်းတယောက်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲထားတဲ့ အမှုကို ကီးယက်ဗ်မြို့၊ မြို့နယ်တရားရုံးတရုံးမှာ မေ ၁၈ ရက်က စစ်ဆေးပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်တဲ့ ရုရှားရဲ့ကျူးကျော်တဲ့ စစ်ပွဲကာလအတွင်း ပထမဆုံး စစ်ရာဇဝတ်မှု တရားခွင်ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ရုရှားတင့်ကားတပ်က အရာရှိ ဗာဒင် ရှီရှီမာရင်းကို ရုံးထုတ်လာတာ တွေ့ရပါတယ်။
ယူကရိန်း အရှေ့မြောက် ကျေးရွာတရွာမှာ အသက် ၆၂ နှစ်အရွယ် ရွာသားတယောက်ကို သတ်ဖြတ်ခဲ့တဲ့အမှု ဖြစ်ပါတယ်။
ရုရှားတပ်တွေဟာ စစ်ပွဲအတွင်း အရပ်သားတွေအပေါ် ဥပဒေမဲ့၊ ရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ယူကရိန်းဘက်က စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ရုရှားဘက်ကတော့ ဒီလို အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
အခု ရုံးတော်ကိုတင်ထားတဲ့ အမှုအသွားအလာအရ တင့်ကားတပ်က အရာရှိနဲ့ တခြား ရုရှားစစ်သား ၄ ယောက်ဟာ သူတို့ တင့်ကားတန်းကို ယူကရိန်းတပ်တွေက ပြန်ပြီး တိုက်ခိုက်တာကို ခံရပြီး ထွက်ပြေးတဲ့လမ်းမှာ အရပ်သားကားတစီးကို သေနတ်နဲ့ပစ်ပြီး အတင်းလုယူခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရွာတရွာကို ရောက်သွားတဲ့အချိန်မှာ ဆိုင်ကယ်စီးရင်း ဖုန်းပြောလာတဲ့ အမျိုးသားတယောက်ကို ဖမ်းပြီး သူတို့ ရုရှားစစ်သားတွေ ရွာထဲရောက်နေတာကို ဘယ်သူမှမသိအောင် ရိုင်ဖယ်သေနတ်နဲ့ အချက်ပေါင်းများစွာ မသေမချင်း ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရရှေ့နေရဲ့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရုရှားစစ်သားက ဝန်ချတောင်းပန်ခဲ့ပေမဲ့ သူဟာ ဥပဒေအရ တသက်တကျွန်းပြစ်ဒဏ် ကျခံရဖွယ် ရှိပါတယ်။