close

မြင်းမူတွင် စစ်တပ်က အိမ်စီးကားကိုပစ်ခတ်၊ လူငယ် ၁ ဦး ကျည်ထိမှန်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ မေ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က အိမ်စီးကားတစီးကို ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်ပါ လူငယ်တယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး-မုံရွာ ကားလမ်းမကြီး မြင်းမူမြို့နယ်အဝင် စစ်ဆေးရေးဂိတ်မှာ  အိမ်စီးကားတစီးကို စစ်ကောင်စီတပ်က စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ ချက်ချင်း ရပ်တန့်မပေးတဲ့အတွက် ပစ်ခတ်ခဲ့ရာမှာ ကားပေါ်မှာပါတဲ့ လူငယ်တယောက် ကျည်ထိမှန်ခဲ့တာလို့ စစ်ဆေးရေးဂိတ်အနီး နေထိုင်သူတဦးက ပြောပါတယ်။

“မိသားစု လေးယောက်ပါတယ်။ ပုံစံတွေကြည့်ရသလောက် အခမ်းအနားတခုကနေ ပြန်လာပုံရတယ်။ ဂိတ်နားမှာ ကားကို စစ်ဆေးဖို့ ရပ်ခိုင်းတယ်။ ကားက အရှိန်နဲ့ မောင်းလာတော့ ချက်ချင်းရပ်မရတာ၊ အဲဒါကို သေနတ်နဲ့လှမ်းပစ်တာ၊ ကားထဲက လူငယ်တဦး ခေါင်းကို ကျည်ထိသွားတယ်။”

သေနတ်ထိမှန်ခဲ့တဲ့ လူငယ်အမျိုးသားဟာ ကိုကျော်ဇင်ညီ ဆိုသူဖြစ်ပြီး ခေါင်းကို သေနတ်မှန်ခဲ့တဲ့ ဒဏ်ရာက စိုးရိမ်ရတဲ့အတွက် မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

//
Up