ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ယူကရိန်းစစ်ပွဲအရေးကိစ္စ လွှမ်းမိုးနေ

ကမ္ဘာတဝန်း နိုင်ငံရေးနဲ့ စီးပွားရေး ခေါင်းဆောင်တွေ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF)ကို ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့ အပန်းဖြေစခန်းမှာ မေ ၂၃ ရက်က စတင်ခဲ့ပြီး ၄ ရက်ကြာ ကျင်းပမယ့် အစီအစဉ်ထဲမှာ ယူကရိန်းစစ်ပွဲကိစ္စကတော့ ထိပ်ဆုံးကနေ ပါဝင်ပါတယ်။
ယူကရိန်းအကျပ်အတည်းအပြင် ကပ်ရောဂါအပြီး ပြန်လည်ထူထောင်ရေး၊ ရာသီဥတုပြောင်းလဲ မှုကို ကိုင်တွယ်ဖြေရှင်းရေး၊ အလုပ်အကိုင်တွေရဲ့ ရှေ့အနာဂတ်၊ လူတွေနဲ့ ကမ္ဘာမြေကြီးရဲ့ ရေရှည်အကျိုးကို ထည့်စဉ်းစားထားတဲ့ စီးပွားရေးစနစ်ကို အရှိန်မြှင့်ရေးနဲ့ နည်းပညာအသစ်တွေကို အသုံးချရေးစတာကိစ္စတွေဟာ အစည်းအဝေးတွေမှာ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ ခေါင်းစဉ်တွေထဲမှာ ပါဝင်ပါတယ်။
WEF အစည်းအဝေးဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ၂ နှစ်ကျော်ကြာ ရပ်ဆိုင်းထားရာ ကနေ ပြန်ကျင်းပတာဖြစ်ပါတယ်။
WEF တည်ထောင်သူနဲ့ အမှုဆောင်ဥက္ကဋ္ဌ ကလပ်စ်ရှာဝက်ဘ်က အခမ်းအနားမှာ ယူကရိန်း ကိုယ်စားလှယ်တွေအတွက် နွေးထွေးတဲ့ လက်ခုပ်တီးအားပေးမှု တောင်းဆိုခဲ့ပြီးတော့ ဒီစစ်ပွဲဟာ လာမယ့်နှစ်တွေမှာ ကမ္ဘာ့နိုင်ငံရေးနဲ့စီးပွားရေးအခင်းအကျင်းကို ပြန်လည်ပုံဖော်မယ့် အာဏာနဲ့အတူ သမိုင်းရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာတော့မယ်လို့ ပြောကြားခဲ့ပါတယ်။
ဆွစ်ဇာလန်သမ္မတ အစ်ဂနာဇီရိုကတ်စ်ဆစ်က ပြောကြားခဲ့ရာမှာ- အစိုးရတွေနဲ့ တခြားအဖွဲ့အစည်း တွေဟာ အမျိုးသားရေးဝါဒ၊ အာဏာရှင်စနစ်နဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအပေါ် အကာအကွယ်ပေးတဲ့ မူဝါဒတွေကနေ ကြီးထွားလာတဲ့ အန္တရာယ်တွေမှာ သူတို့ရဲ့ အားနည်းချက်ကို လျှော့တွက်ခဲ့ကြတာ ကြာလှပြီလို့ ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာဟာ နိုင်ငံကို လက်နက်ဖြုတ်သိမ်းဖို့နဲ့ အစွန်းရောက် ရုရှားဆန့်ကျင်ရေး အမျိုးသားရေးဝါဒီတွေကို ဖယ်ရှားဖို့ အထူးစစ်ဆင်ရေးတစ်ရပ်လို့ ခေါ်ဆိုပါတယ်။
ယူကရိန်းနဲ့ သူ့ရဲ့မဟာမိတ်တွေကတော့ ဒါဟာအခြေအမြစ်မရှိတဲ့ အကြောင်းပြချက်အဖြစ် ပယ်ချခဲ့ပြီး ဒီသုံးလကြာစစ်ပွဲမှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ မြို့ကြီးတွေ ပြိုပျက်ကြေမွခဲ့ရပါတယ်။