close

တက္ကဆက်တွင် မူလတန်းကျောင်းသားများ ပစ်သတ်ခံရမှုကြောင့် စိတ်နှလုံးကွဲကြေရဟု ကျောင်းတာဝန်ရှိသူ ပြော

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ မေ ၂၄ ရက်က မူလတန်းကျောင်းသား ၁၈ ယောက် သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ပွားအပြီး “ဒီကနေ့ဟာ စိတ်နှလုံးသားတွေ ကွဲကြေရတဲ့ နေ့ပါပဲ” လို့ ကျောင်းတာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။

ဒီပစ်ခတ်မှုမှာ မူလတန်းကလေး ၁၈ ယောက်နဲ့ သေနတ်သမား အပါအဝင် အရွယ်ရောက်ပြီးသူနှစ်ယောက် သေဆုံးခဲ့ရတာပါ။

"ဒီနေ့ ကျနော့်စိတ်တွေ ကြေကွဲသွားတယ်။ ကျေ နော်တို့ဟာ အသိုင်းအဝိုင်း သေးသေးလေးပါ။ ကျနော်တို့ ဒါကို ကျော်ဖြတ်နိုင်ဖို့ ဆုတောင်းပေးကြပါ" လို့ ယူဗဲဒီ စုပေါင်းကျောင်းနယ်မြေရဲ့ ကြီးကြပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီပစ်ခတ်မှုရဲ့ သံသယရှိသူ အသက် ၁၈ နှစ်အရွယ် ဆယ်ဗားဒေါရားမို့စ်ဟာ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်လာတဲ့ ရဲအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားဖွယ်ရှိကြောင်း၊ အရာရှိနှစ်ဦး သေနတ်ထိမှန်ခဲ့ပြီးတော့ သူတို့ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း အုပ်ချုပ်ရေးမှူး ဂရဲ့ဂ် အက်ဘာ့ထ်က ပြောကြားခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို သံသယရှိသူတဦးတည်း လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရခြင်းရဲ့ အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။

ကျောင်းမှာစာရင်းသွင်းထားတဲ့ ကျောင်းသားလေးတွေရဲ့ အတန်းတွေကို ကြည့်လိုက်တဲ့အခါ ကလေးတွေက အသက် ၇ နှစ်ကနေ ၁၀ နှစ်အထိ ရှိကြပါတယ်။

ပစ်ခတ်မှုဖြစ်ချိန်က ကျောင်းထဲမှာ ရောက်ရှိနေပြီဖြစ်တဲ့ ၁၀ နှစ်အရွယ် မူလတန်းကျောင်းသူ သမီးလေးရဲ့ နောက်ဆုံးအခြေအနေကို နာရီပေါင်းများစွာ စောင့်ဆိုင်းနေဆဲပဲလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သူ့သမီးလေး အေမီဂျိုး ဒဏ်ရာရမရ ဒါမှမဟုတ် သေဆုံးခြင်းရှိမရှိ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မသိရသေးဘူးလို့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ အဲလ်ဖရဒ် ဂါဇာက ပြောပါတယ်။

"ငါတို့ ဘာမှမတတ်နိုင်ဘူးလေ၊ သူတို့ အဆင်ပြေရဲ့လား၊ အဆင်မပြေဘူးလား၊ ငါတို့ စောင့်နေတုန်းပဲ။"

ဂါဇာနဲ့ တခြားကျောင်းသားတွေရဲ့ မိသားစုတွေဟာ တက္ကဆက်ပြည်နယ် ယူဗဲဒီမြို့ရှိ ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်မှု ကြုံခဲ့ရသူတွေအတွက် ပြန်လည်ပေါင်းစည်းရေး နေရာအဖြစ် သတ်မှတ်ထားတဲ့ စီဗစ်စင်တာမှာ စောင့်ဆိုင်းနေခဲ့ကြတာပါ။

ဆယ်ဗားဒေါ ရားမို့စ် အမည်ရှိ အသက် ၁၈ နှစ်အရွယ် သံသယရှိသူဟာ သူ့အဘွားကို သေနတ်နဲ့ ပစ်ခဲ့ပြီးတော့ ဒီရက်စက်တဲ့ပစ်ခတ်မှုကို စတင်ခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အဘွားကတော့ အသက်ရှင်ခဲ့ပါတယ်။

သူဟာ အဲဒီနေရာကနေ ထွက်ပြေးခဲ့ပြီး တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရဲ့ အနောက်ဘက် မိုင် ၈၀ လောက်အကွာက ယူဗဲဒီမြို့ရှိ ရော့ဘ် မူလတန်းကျောင်းအနီးမှာ သူ ကားတိုက်မိခဲ့ပါတယ်။

အဲဒီနေရာမှာ သူဟာ ရက်စက်တဲ့ ပစ်ခတ်မှုကို စတင်ခဲ့ပြီး ရဲတွေပစ်သတ်လိုက်လို့ သူ သေဆုံးသွားမှပဲ အဲဒီရမ်းကားသောင်းကျန်းမှုဟာ အဆုံးသတ်သွားပါတော့တယ်။

ဒီပစ်ခတ်သတ်ဖြတ်မှုရဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ မေ ၂၄ ရက် သတ်ဖြတ်မှုကို သံသယရှိသူတယောက်ထဲက လုပ်ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သေနတ်သမားဟာ ကျောင်းမှာ သူ့ကို ထိပ်တိုက်တွေ့တဲ့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပုံရပြီး အရာရှိနှစ်ဦး သေနတ်ထိမှန်သွားကြောင်းနဲ့ သူတို့ရဲ့ ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့က ပြောပါတယ်။

သေဆုံးသူစာရင်းဟာ အစောပိုင်းမှတ်တမ်းတွေနဲ့ အရေအတွက် ကွဲလွဲပြီးနောက်မှာတော့ တက္ကဆက်ပြည်နယ် ပြည်သူ့လုံခြုံရေး တာဝန်ရှိသူတွေက ကျောင်းသားလေး ၁၉ ဦးနဲ့ ဆရာနှစ်ဦး သေဆုံးခဲ့ကြောင်း မေ ၂၄ ရက် ညပိုင်းမှာ ပြောကြားခဲ့ပါတယ်။

တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရဲ့ အနောက်ဘက် မိုင် ၈၀ လောက်အကွာက ယူဗဲဒီမြို့ရှိ ရော့ဘ်မူလတန်းကျောင်းမှာ နေမြင့်ချိန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ တရားဝင် အသေးစိတ် အချက်အလက်တွေကို အတိအကျ မသိရသေးပါဘူး။

ဒီ ရက်ရက်စက်စက် ပစ်သတ်ခံရမှုဟာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က လူမည်းအများစု နေထိုင်ရာ နယူးယောက်ပြည်နယ်က ဘတ်ဖလိုးမြို့မှာ လူ ၁၀ ဦး သေဆုံးခဲ့ပြီးနောက် ထပ်မံဖြစ်ပွားခဲ့တာပါ။

မိုင်ပေါင်းရာချီဝေးတဲ့ ဘတ်ဖလိုးမြို့ကို ခရီးထွက်ပြီး ကုန်စုံဆိုင်မှာ ချေမှုန်းရေးပုံစံ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသား Payton Gendron ကိုလည်း အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။

//
Up