close

တရုတ်နိုင်ငံရေးစနစ် ပြောင်းလဲရန် ကြိုးစားမည်မဟုတ်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

အမေရိကန်ဟာ တရုတ်နိုင်ငံကို ကမ္ဘာ့စီးပွားရေးကနေ ခွဲထုတ်ဖို့ ကြိုးပမ်းနေတာ မဟုတ်ပေမဲ့ ပေကျင်းအနေနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို လိုက်နာစေလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မေ ၂၆ ရက် မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်ဟာ တရုတ်နိုင်ငံကို သူ့ရဲ့ စီးပွားရေးကြီးထွားလာမှုကနေ ပိတ်ပင်ဖို့ ဒါမှမဟုတ် ပေကျင်းရဲ့ နိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့ ကြိုးစားမှာမဟုတ်ကြောင်း ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းတဲ့ နိုင်ငံတကာဥပဒေတွေနဲ့ အဖွဲ့အစည်းတွေကို အကာအကွယ်ပေးသွားမှာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံတွေအတွက် အတူယှဉ်တွဲနေထိုင်နိုင်စေဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ ပဋိပက္ခ သို့မဟုတ် စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားဖို့ ဆုံးဖြတ်ထားကြောင်း ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်မှာ ၄၅ မိနစ်ကြာ မိန့်ခွန်းအတွင်း ဘလင်ကန်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း တရုတ်နိုင်ငံရဲ့ သမိုင်းဝင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် တရုတ်လူမျိုးတွေရဲ့ ကြိုးစားအားထုတ်မှုကို ဘလင်ကန်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက်မှာ အာဏာရ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်တွင်းမှာ ပိုမိုဖိနှိပ်လာပြီး ပြည်ပမှာ ပိုမိုရန်လိုလာကြောင်းလည်း သူက ပြောပါတယ်။

မိန့်ခွန်းထဲမှာ ဘလင်ကန်က အမေရိကန်ရဲ့ စီးပွားရေးစွမ်းဆောင်မှုထဲမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ တရုတ်နိုင်ငံကို ယှဉ်ပြိုင်ဖို့အတွက် မဟာမိတ်တွေနဲ့ မိတ်ဘက်တွေကို ညှိနှိုင်းရမယ့် မဟာဗျူဟာပုံစံတခုကို ချပြခဲ့ပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ထရမ့်ပ်အစိုးရလက်ထက်မှာ ဆယ်စုနှစ်တွေအတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့တာဖြစ်ပြီး ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံမှုကို အခုချိန်အထိ ဆက်ထိန်းထားဆဲဖြစ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာ ဆက်ဆံရေးက ပိုပြီးဆိုးရွားလာခဲ့ပါတယ်။

ဒါပေမဲ့လည်း ပေကျင်းရဲ့ ကြီးထွားလာနေတဲ့ သြဇာလွှမ်းမိုးမှုကို ပြန်လည်တွန်းလှန်ဖို့အတွက် အင်ဒို-ပစိဖိတ်ဒေသရှိ မဟာမိတ်တွေနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဝါရှင်တန်ရဲ့ အဓိက ဗျူဟာမြောက် ပြိုင်ဘက်ဖြစ်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်အပေါ် တရားဝင်ဗျူဟာ မကြေညာတဲ့အတွက်ကြောင့် ဒီမိုကရက်တစ်တဦးဖြစ်တဲ့ ဘိုင်ဒင်ရဲ့ အုပ်ချုပ်မှုသက်တမ်း ၁၇ လအတွင်း ရီပတ်ဘလစ်ကန်တွေနဲ့ နိုင်ငံခြားရေးမူဝါဒကို စောင့်ကြည့်သူတချို့က ဝေဖန်နေကြပါတယ်။

//
Up