ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယူကရိန်းပြည်သူများအတွက် ကစားသွားမည်ဟု လီဗာပူးနည်းပြပြော

ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ယူကရိန်းပြည်သူတွေအတွက် ကစားသွားရမယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလက ရုရှားနိုင်ငံ စိန့်ပီတာစ်ဘက်ချ်မြို့မှာ ကျင်းပဖို့ သတ်မှတ်ထားတာပါ။ ရုရှားနိုင်ငံက ယူကရိန်း နိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးတဲ့နောက်မှာတော့ ယူအီးအက်ဖ်အေက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။
အဲဒီဆုံးဖြတ်ချက်က မှန်ကန်မှုရှိပြီး ယူကရိန်းပြည်သူတွေအတွက် ကစားသွားရမယ်လို့ နည်းပြကလော့ပ်က မှတ်ချက်ပေးခဲ့တာပါ။
“ဗိုလ်လုပွဲကို ပဲရစ်မှာကစားရမှာက အကြောင်းပြချက်ပေါင်းများစွာအတွက် ပျော်ရွှင်ရပါတယ်။ စစ်ပွဲက ဆက်ပြီးရှိနေသေးတဲ့အတွက် စိန့်ပီတာစ်ဘက်ချ်မှာ မကစားဖို့ ဆုံးဖြတ်ခဲ့တာက မှန်ကန်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲစဉ်ကို ယူကရိန်းပြည်သူတွေအတွက် ကစားသွားပါမယ်” လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုမရခဲ့ပေမယ့် လိဂ်ရှုံးထွက်ဖလားနဲ့ အက်ဖ်အေ ဖလား ၂ လုံးရရှိထားလို့ ဒီပွဲမှာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် တရာသီအတွင်း ဆုဖလား ၃ လုံး အထိ ရယူနိုင်မှာဖြစ်ပါတယ်။