ယူကရိန်းအကျပ်အတည်းကြောင့် ကမ္ဘာတဝန်း စားနပ်ရိက္ခာပြတ်သူ သန်း ၂၂၀ ထိ ရောက်

ယူကရိန်းအကျပ်အတည်းကြောင့် စားနပ်ရိက္ခာနဲ့ မြေဩဇာစျေးမြင့်တက်လို့ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ကမ္ဘာတဝန်း ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုကို ခံစားနေရတဲ့ လူဦးရေဟာ သန်း ၂၂၀ ထိ ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ကြီး FAO ရဲ့ အရာရှိတယောက်က ပြောလိုက်ပါတယ်။
ယူကရိန်းပဋိပက္ခ မဖြစ်ခင် ၂၀၂၁ ခုနှစ်ကတည်းက မြင့်တက်နေတဲ့ ဆာလောင်မွတ်သိပ်နေတဲ့လူ အရေအတွက်ဟာ နိုင်ငံပေါင်း ၅၃ နိုင်ငံမှာ သန်း ၂၀၀ နီးပါးထိ ရောက်သွားနိုင်တယ်လို့ FAO ရဲ့ ဒုညွှန်မှူး မောင်ရီဇီယိုမာတီနာက မေ ၂၈ ရက်မှာ ထုတ်လွှင့်တဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ပြောပါတယ်။
“ယူကရိန်းပဋိပက္ခဟာ အခြေအနေကို ပိုဆိုးစေလိမ့်မယ်၊ FAO က နဂိုက ခန့်မှန်းချက်အရ ဆာလောင်မွတ်သိပ်နေသူ နောက်ထပ် လူ ၁၈ သန်းအထိ တိုးလာနိုင်တယ်”လို့ သူက သတိပေးခဲ့ပါတယ်။
ယူကရိန်းဆိပ်ကမ်းတွေမှာ ကောက်ပဲသီးနှံ တန်ချိန် ၆ သန်းနဲ့ ပြောင်း တန်ချိန် ၁၄ သန်း နီးပါး ပိတ်ဆို့ ခံထားရတယ်လို့ မာတီနာက ပြောပါတယ်။
ဒီသင်္ဘောတွေ ထွက်မရအောင် နောက်ထပ် အချိန်ဆွဲထားရင် စားနပ်ရိက္ခာ လုံခြုံရေး မတည်မငြိမ် ဖြစ်မှု ပိုတိုးလာနိုင်တယ်လို့ မာတီနာက ပြောခဲ့ပါတယ်။