ဒွန်ဘတ်စ်ဒေသကို ရုရှားအကြီးအကျယ်ထိုးစစ်ဆင်

ယူကရိန်းစစ်တပ်က ရုရှားရဲ့ ထိုးစစ်ကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ အခြေအနေက အလွန်အမင်း ခက်ခဲနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မေ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ဒွန်ဘတ်စ် ဒေသလွတ်မြောက်ရေးဟာ ခြွင်းချက်မရှိ ထိပ်တန်းဦးစားပေးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီးလ် လာ့ဗ်ရော့ဗ်က မေ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားဟာ တကမ္ဘာလုံးအဆင့်အနေနဲ့ အခြေအနေမတည်ငြိမ်အောင် ယူကရိန်းရဲ့ ကောက်ပဲ သီးနှံတွေကို ပိတ်ဆို့ထားတယ်။
ဒါကြောင့် အာဖရိက အာရှနဲ့ ဥရောပက တချို့နိုင်ငံတွေမှာ ဆာလောင်မွတ်သိပ်မယ့် ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ နေ့စဉ်ပြောတဲ့ ရုပ်သံမိန့်ခွန်းအတွင်း ဇလန်းစကီးက ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ ယူကရိန်းဆိပ်ကမ်းတွေကနေ ကောက်ပဲသီးနှံ တင်ပို့ရေး ပံ့ပိုးဆောင်ရွက်ပေးဖို့ ရုရှားအစိုးရက အဆင်သင့်ပဲလို့ ပြောပါတယ်။ ဒါဟာ စားနပ်ရိက္ခာ အကျပ်အတည်းကို သက်သာစေမယ့် ဖြစ်နိုင်ခြေ တရပ်ပါ။
ရုရှားကို သီးခြားခွဲထုတ်ရေး အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုနဲ့ စစ်ပွဲကြောင့် စပါးနဲ့ အခြား ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
ဇလန်းစကီးကတော့ ခါခိဗ်မြို့ကိုသွားခဲ့ပြီး နောက်နေ့မှာ ရုရှားတပ်တွေက မြို့ကို ပစ်ခတ်တာကြောင့် လူအတော်များများ ဒဏ်ရာရပြီး အိမ်တွေ မီးရှို့ခံရတယ်လို့ ညပိုင်း မိန့်ခွန်းအတွင်း ပြောပါတယ်။
ခါခိဗ်မြို့ ခရီးစဉ်ဟာ ရုရှားကျူးကျော်စစ် စပြီးကတည်းက ကိယက်ဒေသအပြင်ကို ပထမဆုံး တရားဝင် သွားရောက်တဲ့ ဇလန်းစကီးရဲ့ ခရီးစဉ်ပါ။
ယူကရိန်းတပ်တွေဟာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ခါခိဗ်မြို့ကို ခုခံရင်း ရုရှားတပ်တွေကို ဒီလ အစောပိုင်းမှာ နယ်စပ်ထိ မောင်းထုတ်နိုင်ခဲ့ပေမဲ့ ခုတော့ မြို့ဟာ ရုရှားအမြောက်တပ်တွေ ဝိုင်းထားတာကို ခံနေရပါတယ်။