ယူကရိန်းတရားရုံးက ရုရှားစစ်သား ၂ ဦးကို ထောင် ၁၁ နှစ်ခွဲချ၊ ရုရှားကျူးလွန်သည့် စစ်ရာဇဝတ်မှု ၈၀ ခန့်ကို တရားစီရင်နေ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မြို့တမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုအတွက် ဖမ်းဆီးခံ ရုရှားစစ်သား ၂ ယောက်ကို ယူကရိန်းတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ခွဲ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။
ဒါဟာ ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီလကစပြီး ကျူးကျော်ခဲ့ပြီးတည်းက ဒုတိယမြောက် စစ်ရာဇဝတ်မှုဆိုင်ရာ အမိန့်ချတာလည်း ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံအလယ်ပိုင်း ကိုတေလဗ်စကာခရိုင် တရားရုံးက မှန်ခန်းထဲမှာ မတ်တပ်ရင်း စီရင်ချက်ကို နားထောင်နေတဲ့ အလက်ဇန်းဒါးအီဗာနော့ဗ်နဲ့ အလက်ဇန်းဒါး ဘိုဘီကင်တို့ဟာ အရင်အပတ်က အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပါတယ်။
ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ် ဒေသထဲကနေ ခါခိဗ်ဒေသထဲက ပစ်မှတ်တွေကို ပစ်ခတ်ခဲ့တဲ့ အမြောက်တပ်ထဲမှာ သူတို့ပါတယ်လို့ ၂ ယောက်လုံးက အသိအမှတ်ပြု ဝန်ခံခဲ့ကြပါတယ်။
သူတို့ဟာ တင့်ကားမောင်းသူနဲ့ ပစ်ခတ်သူတွေဖြစ်ပြီး နယ်စပ်ဖြတ်ကျော်အပြီး ဆက်လက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ပစ်ခတ်မှုဟာ ဒါဟာချီမြို့ထဲက ပညာရေးဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေကို ဖျက်ဆီးခဲ့ပေမဲ့ အသေအပျောက် မရှိခဲ့ဘူးလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
သူတို့ ၂ ယောက်ကို ထောင်ဒဏ် ၁၂ နှစ်ချဖို့ အစိုးရရှေ့နေတွေက တရားရုံးကို လျှောက်ထားခဲ့ပေမဲ့ ခုခံလျှောက်လဲသူတွေက အမိန့်ကို လိုက်နာတာသာဖြစ်ပြီး နောင်တရနေပြီဖြစ်လို့ သက်ညှာပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ယူကရိန်းအစိုးရဟာ ရုရှားကကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ၆၀၀ ကျော်ကို ဖော်ထုတ်ခဲ့ပြီး သူတို့ထဲက ၈၀ လောက်ကို စပြီး တရားစီရင်နေပြီလို့ ယူကရိန်းအစိုးရ ထိပ်တန်းရှေ့နေ အီရီနာ ဗေနေဒစ်တိုဗာက မေ ၃၁ ရက်မှာ ပြောပါတယ်။
သံသယရှိသူစာရင်းထဲမှာ ရုရှားရဲ့ ထိပ်တန်း စစ်ဘက်၊ နိုင်ငံရေးနဲ့ ဝါဒဖြန့်ချိရေး အေးဂျင့်တွေ ပါတယ်လို့ အစိုးရရှေ့နေချုပ်က နယ်သာလန်နိုင်ငံ သဟိတ်မြို့ နိုင်ငံတကာ တရားရုံးထဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ စလိုဗက်ကီးယားနိုင်ငံတွေက ယူကရိန်းနိုင်ငံအတွင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း အီရီနာဗေနေဒစ်တိုဗာက ပြောပါတယ်။
သံသယဖြစ်ဖွယ် စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ သတင်းအချက်အလက်ဖလှယ်နိုင်ဖို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ယူကရိန်း၊ လစ်သူယေးနီးယားနဲ့ ပိုလန်နိုင်ငံတို့က မတ်လမှာ ဖွဲ့စည်းခဲ့ပါတယ်။
မတ်လအစောပိုင်းက ကျူးလွန်တဲ့ ယူကရိန်းနိုင်ငံအတွင်း စစ်ရာဇဝတ်မှု ဖြစ်နိုင်ခြေကို စတင်စစ်ဆေးဖို့ သူတို့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) နဲ့အတူ လုပ်ဆောင်နေတာပါ။
စုံစမ်းစစ်ဆေးသူတွေ၊ မှုခင်းပညာရှင်တွေနဲ့ ထောက်ပံ့ရေးအရာရှိတွေ စုစုပေါင်း ၄၂ ယောက် ပါတဲ့ အဖွဲ့ကို အိုင်စီစီရှေ့နေ ခါရင်းမ်ခန်းရဲ့ ရုံးက တာဝန်ပေးထားပါတယ်။
အိုင်စီစီဟာ စုံစမ်းစစ်ဆေးမှုကို ထောက်ပံ့ဖို့ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ရုံးဖွင့်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ခန်းက ပြောပါတယ်။
ရုရှားကတော့ ယူကရိန်းအပေါ် အထူးစစ်ဆင်ရေး ဆင်နွှဲချိန်မှာ စစ်ရာဇဝတ်မှုတွေနဲ့ ပါဝင်ပတ်သက်တာ ဒါမှမဟုတ် အရပ်သားတွေကို ပစ်မှတ်ထားတာ မလုပ်ခဲ့ဘူးလို့ ငြင်းထားပါတယ်။