ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်း ကမ္ဘာကို အဆိပ်ခတ်နေဟု WHO ပြော

ဆေးလိပ်နဲ့ ဆေးရွက်ကြီးလုပ်ငန်းဟာ ကမ္ဘာဂြိုဟ်ကို အဆိပ်ခတ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မေ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
ဒီလုပ်ငန်းကြောင့် သစ်ပင် သန်း ၆၀၀ နဲ့ ရေတန်ချိန် ၂၂ ဘီလီယံ ဆုံးရှုံးနေပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၈၄ သန်း ထုတ်နေတယ်လို့လည်း WHO က ဆက်ပြောပါတယ်။
ဆေးလိပ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုကို ကောင်းကောင်းသိပြီးသားဖြစ်ပြီး နှစ်စဉ် လူ ၈ သန်း သေရတယ်၊ သစ်တောတွေ ပျက်သုဉ်းပြီး ရေထု လေထု ညစ်ညမ်းရုံမက ကမ်းခြေတွေ၊ ပန်းခြံတွေနဲ့ မြို့တွင်း လူသွားစင်္ကြံတွေမှာ ဆေးလိပ်အစီခံအမှိုက်တွေ ပြန့်ကျဲနေလို့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုများတယ်လို့ WHO ရဲ့ ကျန်းမာရေးမြှင့်တင်ရေး ဒါရိုက်တာ ဒေါက်တာ ရူဒီဂါ ခရက်ခ်က ဂျီနီဗာမြို့တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆေးလိပ်ဟာ လူတွေကို အဆိပ်ခတ်ရုံမက ကမ္ဘာကြီးကိုပါ အဆိပ်ခတ်နေတာလို့လည်း သူက ပြောပါတယ်။
ကမ္ဘာ့ဆေးလိပ်ကင်းစင်ရေးနေ့ ၂၀၂၂ အတွက် ကမ္ဘာဂြိုဟ်ကို အဆိပ်ခတ်နေတဲ့ ဆေးလိပ်လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာအသစ်ကိုလည်း ထုတ်ဝေလိုက်ပါတယ်။
ဒီအစီရင်ခံစာထဲမှာ ဆေးလိပ်ထုတ်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏဟာ နှစ်စဉ် စီးပွားရေးသုံး လေကြောင်းလိုင်းက ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏရဲ့ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူး အတည်ပြုချက် တစုံတရာမရှိတဲ့ စီးကရက်အစီခံတွေကို တားမြစ်ပိတ်ပင်ဖို့ကိုလည်း WHO က အစိုးရတွေကို ဆော်ဩပါတယ်။
နှစ်စဉ် ဆေးလိပ်အစီခံ ၄ ဒသမ ၅ ထရီလီယံဟာ သဘာဝပတ်ဝန်းကျင်ထဲကို လွှင့်ပစ်ခံနေရတာပါ။ အများစုက ကမ်းခြေတွေနဲ့ သမုဒ္ဒရာတွေထဲမှာ အဆုံးသတ်ပြီး မီးရှို့ခံ ဆေးလိပ်က ထွက်တဲ့ ကတ္တရာဟာ သားရိုင်းတိရစ္ဆာန်တွေကို အဆိပ်သင့်စေပါတယ်။