ဘန်ကောက်နှင့် အနီးတဝိုက် သီတင်းတပတ်အတွင်း မိုးကြိုးမုန်တိုင်းတိုက်ခတ်နိုင်


ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ အနီးတဝိုက် ဒေသတွေမှာ ဒီကနေ့ ဇွန် ၃ ရက်ကစတင်ကာ သီတင်းတပတ်အတွင်း နေရာကွက်ကျား မိုးကြိုးမုန်တိုင်းတိုက်ခတ်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။
အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အားကောင်းနေပြီး လာမယ့် ၇ ရက်အတွင်း အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာပဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ လှိုင်းအမြင့် ၂ မီတာအထိ မြင့်တက်နိုင်တာမို့ သင်္ဘောတွေ၊ လှေငယ်တွေကိုလည်း ကမ်းလွန်ပင်လယ်ပြင်တွင်း ရှောင်ရှားကြဖို့အတွက် မိုးလေဝသဌာနက သတိပေးထားတယ်လို့ ဆိုပါ တယ်။
လတ်တလောမှာတော့ ထိုင်းပင်လယ်ကွေ့အထက်ပိုင်းမှာ လှိုင်းအမြင့် ၁ မီတာကနေ ၂ မီတာအထိ ရှိနေပြီး မိုးကြိုးမုန်တိုင်းတိုက်ခတ်ချိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းချိန်တွေအတွင်းမှာတော့ ဒီ့ထက်ပိုပြီးတော့ မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားတာပါ။