close

ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံခြားသားများအတွက် ကွာရန်တင်းသတ်မှတ်ချက် တောင်ကိုရီးယား ရုပ်သိမ်းမည်

တောင်ကိုရီးယားနိုင်ငံဟာ ကာကွယ်ဆေးမထိုးရသေးတဲ့ နိုင်ငံခြားသားတွေအတွက် ကွာရန်တင်း- သီးခြားခွဲထားတဲ့ သတ်မှတ်ချက်ကို လာမယ့် ဇွန် ၈ ရက်ကစပြီး  ရုပ်သိမ်းမှာဖြစ်တဲ့အပြင် နိုင်ငံတကာလေကြောင်းပျံသန်းမှုတွေအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်း စတင်ရုပ်သိမ်းတော့မယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ်က ဇွန် ၃ ရက်မှာ ပြောပါတယ်။

ဒါပေမဲ့လည်း အစိုးရဟာ ပြည်ဝင်ခွင့်အတွက် ကိုဗစ်-၁၉ ရောဂါရှိမရှိ PCR စမ်းသပ်ရလဒ်နဲ့ ရောက်ရှိပြီး ၇၂ နာရီအတွင်း PCR စမ်းသပ်ချက်တွေတော့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟန်ဒွတ်ခ်ဆိုးက  “ကာကွယ်ဆေးမထိုးရသေးတဲ့ နိုင်ငံခြားသားတွေကို အခုအချိန်အထိ ၇ ရက်ကြာ သီးသန့်ခွဲထားရမယ့် စည်းမျဉ်း ရှိသေးပေမဲ့လည်း ဇွန် ၈ ရက်ကစပြီး သူတို့ ကာကွယ်ဆေးထိုးထားတဲ့ အခြေအနေ ဘယ်လိုပဲရှိရှိ ဖျက်သိမ်းသွားမှာပါ” လို့ ကပ်ရောဂါတုံ့ပြန်ရေး အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ ကိုဗစ်-၁၉ အခြေအနေ တည်ငြိမ်သွားပြီဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

လေကြောင်းခရီးစဉ်တွေ အချိန်နဲ့တပြေးညီ လည်ပတ်နိုင်စေဖို့ အင်ချွန်း နိုင်ငံတကာလေဆိပ်မှာ ချမှတ်ထားတဲ့ လေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဇွန် ၈ ရက်မှာ စတင်ရုပ်သိမ်းသွားမယ်လို့လည်း  ဝန်ကြီးချုပ် ဟန်က ပြောကြားခဲ့ပါတယ်။ 

လက်ရှိမှာ ခရီးစဉ်နဲ့ ပျံသန်းချိန်တွေကို ကန့်သတ်ထားတာကြောင့် လက်မှတ်ဝယ်မရတာနဲ့ ဈေးနှုန်းမြင့်တက်တာ စတဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

//
Up