close

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများနှင့် လူကုန်ကူးသူအပါအဝင် ၃၅ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်၊ မယ်ကုကျေးရွာ ရပ်ကွက်(၉)မှာ ဇွန် ၆ ရက်မနက်က  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ လူကုန်ကူးသူ အပါအဝင် စုစုပေါင်း ၃၅ ယောက် ဖမ်းမိတယ်လို့   မဲဆောက် အခြေစိုက် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ကျော်ပြီး စိုက်ပျိုးခင်းတခုအတွင်းမှ ကျော်ဖြတ်လာတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၃၂ ယောက်ဟာ ဟွန်ဒါမော်တော်ကားအဖြူရဲ့ အနောက်ဘက်မှာစီးလာရင်း ယာဉ်မောင်း နိုင်ထူးအောင် အသက် ၃၇ နှစ်နဲ့ မြန်မာပြည်ဘက်မှ တရားမဝင်လုပ်သားတွေကို ဦးဆောင်လာတဲ့သူ ၂ ဦးတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံ မြန်မာအလုပ်သမားတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးထားပြီး ထိုင်းကျန်းမာရေးဌာနက ကိုဗစ်စစ်ဆေးကာ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူသွားဖို့ရှိပါတယ်။

နှစ်နိုင်ငံနယ်စပ် ထိုင်းနိုင်ငံ၊ မဲ့လမတ်မြို့ သောင်ရင်းမြစ်နယ်စပ်မှာ ဇွန်လ ၆ ရက်ကစတင်ပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ  ပိုမိုတင်းကျပ်စစ်ဆေးနေပါတယ်။

မြန်မာဘက်ခြမ်း မြဝတီမြို့ကတဆင့် ရွှေက္ကိုမြို့ကို ကျော်ဖြတ်ပြီး မဲ့လမတ်မြို့တွင်း လူမှောင်ခို ကုန်ကူးမှုတွေပေါများနေပြီး မူးယစ်ဆေးဝါးတွေ တင်သွင်းလာမှာကိုလည်း ထိုင်းဘက်က စိုးရိမ်းပြီး လုံခြုံရေးအထူးတင်းကျပ် ဆောင်ရွက်ထားတာဖြစ်တယ်။

ထိုင်းနိုင်ငံ တာခ်ခရိုင်နဲ့ တခြားခရိုင်တွေမှာလည်း လုံခြုံရေးတင်းကျပ်ထားပြီး  တရားမဝင် မြန်မာ အလုပ်သမားတွေ ဖမ်းဆီးခံရတာတွေလည်း နေ့စဉ်လိုလို ရှိနေပါတယ်။

//
Up