ရန်ကုန်နှင့် မြန်မာပြည်အထက်ပိုင်းကို ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများ ကားခ ဈေးတက်မည်

ရန်ကုန်နဲ့ မြန်မာပြည်အထက်ပိုင်းကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေ ဇွန် ၉ ရက်မှာ ကားခဈေးတက်ဖို့ရှိနေပြီး လုံခြုံရေးအခြေအနေတွေကြောင့် သွားလာသူနည်းပါးသွားတယ်လို့ ယာဉ်လိုင်းတွေက ပြောပါတယ်။
စက်သုံးဆီဈေးတွေ အဆမတန်တက်နေတာ၊ လုံခြုံရေးအခြေအနေအရ ခရီးသည် နည်းပါးတာတွေကြောင့် ဇွန် ၉ ရက်ကစပြီး ရန်ကုန်နဲ့ မြန်မာပြည်အထက်ပိုင်းကို ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်းတွေ ကားခဈေးတက်ဖို့ရှိတယ်လို့ ရန်ကုန်မြို့အဝေးပြေးယာဉ်လိုင်းတွေဆီက သိရပါတယ်။
ခရီးသည်တင်ယာဉ်လိုင်းတွေဟာ ရန်ကုန်ကနေ မြန်မာပြည်အထက်ပိုင်းကို သွားလာသူနည်းပါးတာကြောင့် ခါလီနီးပါးပြေးဆွဲနေရတဲ့အတွက် တွက်ခြေလုံးဝမကိုက်ဘူးလို့ဆိုပါတယ်။
မုံရွာ-ရေဦး-တန့်ဆည်၊ တောင်ကြီး-လားရှိုး၊ ပုဂံ-ညောင်ဦး စတဲ့လမ်းကြောင်းတွေကနေ ရန်ကုန်ဘက်ကိုဆင်းတဲ့ခရီးသည်တွေကိုပဲ အားကိုးပြီးရပ်တည်နေရတယ်လို့ဆိုပါတယ်။
ကားခဈေးတက်မယ်ဆိုတာကလည်း ဘယ်လောက်တက်မယ်ဆိုတာ အတိအကျမပြောနိုင်သေးဘဲ ခရီးသည်တွေရဲ့အခြေအနေကိုကြည့်ပြီး နှစ်ဖက်အဆင်ပြေမယ့်နှုန်းတစ်ခုကို သတ်မှတ်မယ်လို့ ရန်ကုန်-မုံရွာ-ရေဦး-တန့်ဆည် အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူ တယောက်ကပြောပါတယ်။
အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေဟာ ရပ်တည်ဖို့ခက်ခဲလာတယ်ဆိုပေမဲ့ လုံးဝရပ်ဆိုင်းသွားမှာတော့မဟုတ်ဘူးလို့ ယာဉ်လိုင်းတစ်ခုကပြောပါတယ်။
အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေဟာ ခရီးသည်ကိုပဲအားပြုတာမျိုးမဟုတ်ဘဲ ကုန်ပစ္စည်းပါဆယ်ပို့ဆောင်တာတွေပါပြုလုပ်ပြီး ရပ်တည်နေတာဖြစ်တဲ့အတွက် ကုန်ပစ္စည်းအသယ် အပို့ကတော့ ရှိနေဦးမယ်လို့ဆိုပါတယ်။
အင်တာနက်နဲ့ဖုန်းလိုင်းတွေမကောင်းတာကြောင့် လက်မှတ်ရောင်းတဲ့နေရာမှာတော့ အခက်အခဲတွေရှိနေတယ်လို့ အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူတယောက်ကလည်း ပြောပါတယ်။
မြန်မာပြည်အထက်ပိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းကစပြီး တန့်ဆည်-လမ်းဆုံ-ရေဦး၊ ယာကြီး-ကလေး မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေကို ဧပြီ ၂၉ရက်ကစပြီး PDF တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့တာပါ။
ပြည်သူတွေရဲ့အိမ်စီးကား၊ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေမှာ စစ်သားတွေ ကြားညှပ်လိုက်ပါလာလေ့ရှိတာကြောင့် PDF တွေက ကြားဖြတ်တိုက်ခိုက်ဖို့ခက်ခဲနေတဲ့အတွက် လမ်းပိုင်းတွေကို ယာယီပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ခရီးသွားမယ့်သူတွေကို မှတ်ပုံတင်နဲ့ရပ်ကွက်ထောက်ခံစာတောင်းခံတာ၊ ပါဆယ်ထုပ်တွေကိုစစ်ဆေးတာစတဲ့ စည်းကမ်းတင်းကျပ်နေပါတယ်။ PDF တွေကတော့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ကြိုတင်ဟန့်တားနိုင်ဖို့ လမ်းပိုင်းတွေကို ပိတ်တာလို့ ကနီ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။
မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေပိတ်ဆို့တာ၊ ခရီးသည်တင်ယာဉ်လိုင်းတွေ သွားလာရခက်ခဲတာတွေကြောင့် ဒေသခံပြည်သူတွေအတွက်လို အပ်တဲ့ရိက္ခာနဲ့အခြေခံအ သုံးအဆောင်ပစ္စည်းတွေ ဈေးအဆမတန်တက်တာ၊ ပစ္စည်းပြတ်တာတွေကြုံတွေ့နေရပါတယ်။
မြန်မာပြည်အထက်ပိုင်းက ပြည်သူအများအပြားဟာလည်း ဘေးလွတ်မယ့် အောက်ပိုင်းကို ဆင်းလာကြတာတွေလည်း ရှိပါတယ်။