ထိုင်းတွင် ဆေးခြောက် တရားဝင် စိုက်ပျိုး၊ သုံးစွဲ၊ ရောင်းချခွင့်ပြု၊ ဆေးခြောက်အမှု အကျဉ်းသား ၄၂၂၇ ဦး ပြန်လွှတ်မည်

ထိုင်းနိုင်ငံမှာ အမှတ် ၅ အဆင့် မူးယစ်ဆေးဝါးလို့ သတ်မှတ်ထားခဲ့တဲ့ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ပြီး ဆေးဖြစ်ဝါးဖြစ်အပင်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ကြေညာခဲ့ပြီးတဲ့နောက် ဇွန် ၉ ရက် မနက်ဖြန်ကစလို့ မည်သူမဆို တရားဝင် စိုက်ပျိုး သုံးစွဲ၊ ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆေးခြောက်ပင်နဲ့ပတ်သက်တဲ့ ဥပဒေမကြေညာနိုင်သေးတာကြောင့် ဒီကြားကာလမှာ ဆေးခြောက်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲပြဿနာဖြေရှင်းရေး၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နားလည်မှုတည်ဆောက်ရေး၊ အိမ်နီးချင်းနိုင်ငံမှ ဝင်ရောက်မှု ကန့်သတ်ရေး၊ ပြည်သူတွေကို အသိပညာပေးတာနဲ့ အကြံပေးနိုင်ဖို့ အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ထိုင်းဒုဝန်ကြီးချုပ် နိုင်းဝိစနုခေးငမ်းက မနေ့က ဝန်ကြီးများအစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာနကလည်း ဆေးခြောက်ကို မူးယစ်ဆေးစာရင်းမှ ပယ်ဖျက်မှု ထောက်ခံကြောင်း သတင်းစာရှင်းလင်းခဲ့ပြီး စိုက်ပျိုးလိုသူတွေအနေနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်နိုင်ကြောင်း၊ ဆေးခြောက်စိုက်ပျိုးရေးနဲ့ပတ်သက်လို့ သိလိုတာရှိရင် အရေးပေါ်ဖုန်းလိုင်း ၁၁၇၄ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက်ပင်ကို ဆေးပညာရပ်မှာ အသုံးချရေး၊ ပြည်သူတွေအနေနဲ့ ဆေးဖြစ်ဝါးဖြစ် အသုံးပြုနိုင်ရေး၊ လူမှုစီးပွားရေးအခွင့်အလမ်း ဖန်တီးမှုအနေနဲ့ မူးယစ်ဆေး စာရင်းကနေ တရားဝင်ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
မည်သူမဆိုစိုက်ပျိုးနိုင်တယ်ဆိုပေမယ့် ဆေးဝါးနဲ့အစားအစာဦးစီးဌာနကိုတော့ စိုက်ပျိုးရခြင်း ရည်ရွယ်ချက်၊ စိုက်ပျိုးမယ့်ပမာဏတွေကို အကြောင်းကြားရမှာဖြစ်ပါတယ်။
ဆေးခြောက်ကို လွတ်လပ်စွာ စိုက်ပျိုး၊ သုံးစွဲ၊ ရောင်းချနိုင်တယ်ဆိုပေမယ့် ခြွင်းချက်တွေ ရှိသေးကြောင်း၊ THC ပမာဏ ၀ ဒသမ ၂ ရာခိုင်နှုန်းထက်မပိုရ၊ ဆေးခြောက်မျိုးစေ့တွေကို နိုင်ငံခြားမှ မှာယူတင်သွင်းမယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားရမှာဖြစ်ပြီး သုံးစွဲသူအနေနဲ့ တပါးသူအား အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် အမြင်ကတ်ပုဒ်မနဲ့ အရေးယူနိုင်တယ်လို့ ဆိုပါတယ်။
ဆေးခြောက်ကို မူးယစ်ဆေးစာရင်းမှ ပယ်ဖျက်လိုက်တဲ့နောက် ဆေးခြောက်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားပေါင်း ၄၂၂၇ ဦးကို လွှတ်ပေးရမှာဖြစ်သလို လက်ရှိ တရားခွင် ရင်ဆိုင်နေရတဲ့ ဆေးခြောက်မှုပေါင်း ၇၄၈၈ မှုကိုလည်း ပယ်ချရမယ်လို့ ချန်နယ်လ် ၇ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဆေးခြောက်မှုကြောင့် သက်ဆိုင်ရာက ပြည်သူပိုင်အဖြစ် သိမ်းယူထားတဲ့ တန်ဖိုး ဘတ်သန်းပေါင်း ၁၁၀ ကျော်ရှိ တရားခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးရမှာဖြစ်သလို သိမ်းဆည်းထားခဲ့တဲ့ ဆေးခြောက် အလေးချိန် ၁၆၀၀၀ ကီလိုဂရမ်ကိုလည်း မူလပိုင်ရှင်ကို ပြန်ပေးရမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။