လူနေထိုင်မှုစရိတ်အကြီးဆုံး မြို့ကြီးများစာရင်းတွင် ဟောင်ကောင်က ၂ နှစ်ဆက်တိုက် ဦးဆောင်

အခုနှစ်ရဲ့ ကမ္ဘာ့လူနေထိုင်မှု စရိတ်စက အကြီးမြင့်ဆုံးမြို့ကြီးတွေစာရင်းမှာ ဟောင်ကောင်က ၂ နှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ ရှိနေတယ်လို့ မကြာသေးခင်က ပြုလုပ်တဲ့ စစ်တမ်းတခုအရ သိရပါတယ်။
အမေရိကန်အခြေစိုက် သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ECA International က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ဟောင်ကောင်ရဲ့ နောက်မှာတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ယူကေနိုင်ငံ၊ လန်ဒန်မြို့နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွေက ထိပ်တန်း ၅ နိုင်ငံအဖြစ် ရှိနေတာပါ။
ဒီစစ်တမ်းကိုတော့ အခုနှစ် မတ်လတုန်းက ကောက်ယူခဲ့တာဖြစ်ကာ တည်းခိုနေထိုင်ငှားရမ်းမှု စရိတ်စကတွေ ကြီးမြင့်မှုတွေနဲ့အတူ မြို့ကြီးတွေရဲ့ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ခြံမြေ ဈေးနှုန်း စရိတ်စကတွေအရ တွက်ချက်ယူထားတာဖြစ်ပြီး ထိပ်တန်းကမ္ဘာ့လူနေထိုင်မှု စရိတ်စက အကြီးမြင့်ဆုံး မြို့ကြီး ၂၀ စာရင်းမှာ နောက်ထပ်မြို့ကြီးတွေအနေနဲ့ တဲလ်အဗစ်၊ ဇူးရစ်ချ်၊ ရှန်ဟိုင်း၊ ဂွမ်ကျိုး၊ ဆိုးလ်၊ ဆန်ဖရန်စစ္စကို၊ ရှန့်ဇန်၊ စင်ကာပူ၊ ပေကျင်း၊ ဂျေရုဆလင်၊ ဘန်း၊ ယိုကိုဟားမား၊ ကိုပင်ဟေဂင်၊ အော်စလိုနဲ့ တိုင်ပေစတဲ့ မြို့ကြီးတွေ အသီးသီးပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီသုတေသနစစ်တမ်းထဲမှာ တွေ့ရှိချက်တွေအရ ထိပ်ဆုံးစရိတ်စက အကြီးမြင့်ဆုံး ဟောင်ကောင်မှာ ပြီးခဲ့တဲ့ နှစ်တုန်းက တခြားဒေသတွင်းနဲ့ တကမ္ဘာလုံးထက် ငွေကြေးဖောင်းပွမှု လျော့နည်းလာတာကြောင့် သက်ရောက်မှုရှိခဲ့ပေမဲ့ ကမ္ဘာ့စျေးအကြီးဆုံးအဖြစ်တည် ရှိနေဆဲဖြစ်တယ်လို့ ECA International ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ လီကွမ်က ပြောပါတယ်။
ECA International အနေနဲ့ ကမ္ဘာတဝှမ်းရှိ နေရာပေါင်း ၄၉၀ ကျော်မှာ တည်းခိုနေထိုင်မှုဆိုင်ရာ အချက်အလက်တွေအပြင် လူသုံးကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ကုန်ကျစရိတ်တွေကို ပိုင်းခြားစိတ်ဖြာကာ နှိုင်းယှဉ်တွက်ထုတ်ပြီး ခုနောက်ဆုံးအစီရင်ခံစာမှာတော့ နိုင်ငံပေါင်း ၁၂၀ က မြို့ပေါင်း ၂၀၇ မြို့ကို အဆင့်သတ်မှတ်ထားတာလို့ ဆိုပါတယ်။