close

ချင်းမိုင်ခရိုင်၌ တရားမဝင် Call Center ဂိုဏ်းတခုကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြို့ထဲမှာ မြန်မာပြည်၊ မြဝတီဘက်မှာ အလုပ်သွားလုပ်ဖို့ မိန်းကလေးတွေကို လေ့ကျင့်ပေးနေတဲ့ တရားမဝင် Call Center တခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်း  ဖမ်းဆီးလိုက်ပါတယ်။ 

ဆန်ဆိုင်းမြို့ လူကုံထံတွေနေတဲ့ အိမ်ရာတစ်ခုထဲမှာ Call Center ဖွင့်ပြီး လိမ်လည်နေတဲ့ ဂိုဏ်းရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က စုံစမ်းသိရှိရတဲ့အတွက် နည်းပညာဆိုင်ရာကျွမ်းကျင်တဲ့ တာဝန်ရှိသူတွေ၊ လ.ဝ.က ရဲ၊ နယ်မြေရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ အင်အား ၃၀ ကျော်အဖွဲ့က ဇွန် ၈ ရက်မှာ သွားရောက်စစ် ဆေးဖမ်းဆီးခဲ့ပါတယ်။ 

သတင်းရထားတဲ့ တရုတ်နိုင်ငံသားတယောက်ငှားထားတဲ့ တိုက်အိမ်ရဲ့ ဒုတိယထပ်ကို တက်သွားရာမှာတော့ ကွန်ပျူတာတွေရှေ့မှာ ကိုယ်စီအလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံသား ၅ ယောက်နဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကို တွေ့ရှိခဲ့ပါတယ်။ 

သူတို့တွေဟာ အွန်လိုင်းပေါ်ကနေ ကိုဗစ်-၁၉ ကာလ အလုပ်ပြုတ်သူတွေများလာတဲ့အပေါ် အခွင့် ကောင်းယူပြီး လစာကောင်းတဲ့ အလုပ်ခေါ်စာကို လိမ်လည်ကြော်ငြာတာ၊ ချစ်သူရည်းစား အယောင်ဆောင်ကာ ငွေလိမ်ယူတာ၊ တဘက်သား ယုံကြည်အောင်နည်း အမျိုးမျိုးနဲ့ လိမ်လည်ကာ ငွေချူတာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ မိန်းကလေးတွေကတော့ လစာကောင်းလို့ ဒီအလုပ်ကိုလျှောက်ခဲ့ကြောင်း၊ ဥပဒေချိုးဖောက်တဲ့ အလုပ်မှန်းတော့ မသိဘူးလို့ မိမိကိုယ်ကို ကာကွယ်ပြောဆိုပါတယ်။

အဲဒီနေရာဟာ Call Center ပြောတတ်၊ ဆိုတတ်၊ ဆက်သွယ်တတ်အောင်လေ့ကျင့်ပေး တဲ့နေရာသာဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်ပါက မြန်မာပြည်ဘက်ခြမ်း မြဝတီမြို့မှာ အလုပ်သွားလုပ်ရကြောင်း၊ လုံခြုံရေးအတွက်လည်း ၁၀၀ ရာခိုင်နှုန်းအာမခံတယ်လို့ပြောကြောင်း ဖမ်းဆီးခံရသူတွေကပြောပါတယ်။

မြဝတီမှာ ပြီးခဲ့တဲ့ဧပြီလက  Call Center မှာအလုပ်လုပ်ရမယ်လို့ပြောပြီး လိုက်သွားတဲ့ ထိုင်းမိန်းကလေးတချို့ ကာစီနိုလောင်းကစားရုံထဲရောက်သွားပြီး ပြည်တန်ဆာအဖြစ်ခိုင်း စေခံရလို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

ပြန်လွတ်လာသူတွေပြောပြချက်အရ ကာစီနိုလောင်းကစားရုံထဲမှာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံနေရတဲ့ ထိုင်းအမျိုးသမီး ၃၀၀ လောက်ရှိနေတယ်လို့ ဆိုပါတယ်။ 

ကိုးကား- ChaingMaiNews

//
Up