မွန်ဝန်ကြီးချုပ်အပေါ် စွပ်စွဲထားသည့် ရွေးကောက်ပွဲအမှု အပြီးသတ် လျှောက်လဲချက်ပေး

မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် ဇွန် ၁၄ ရက်မှာ အပြီးသတ် လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) အတွက် မော်လမြိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။
ဒီရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့် ရုံးချိန်းကို ဇွန် ၂၁ ရက်ကို ထပ်မံ ရွှေ့ပြောင်းလိုက်ပါတယ်။
ဒီအမှုအတွက် နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ပေးထားပြီး ဖြစ်တာကြောင့် လာမယ့် ရုံးချိန်း ဒါမှမဟုတ် နောက်ရုံးချိန်းမှာ အမိန့်ချမှတ်ဖို့ ရှိနေတယ်လို့ တရားနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ မေ ၁၆ ရက်မှာ အဂတိအမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ အမိန့်ချမှတ်ထားသလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၂ အမိန့်ချမှတ်ထားပါတယ်။