ဗြိတိန်တော်ဝင်အစဉ်အလာ စီတန်းလှည့်လည်ပွဲတွင် မင်းသား အင်ဒရူး မတက်ရောက်

ဗြိတိန်နိုင်ငံမှာ ဇွန်လ ၁၃ ရက်က Order of the Garter လို့ ခေါ်တဲ့ ဂုဏ်ထူးဆောင် သူရဲကောင်းပုဂ္ဂိုလ်စာရင်းဝင်တွေရဲ့ စီတန်းလှည့်လည်ပွဲကျင်းပရာမှာ ဗြိတိန်တော်ဝင်တွေလည်း ဝင်လျှောက်ခဲ့ကြပါတယ်။
ဒီပွဲအခမ်းအနားဟာ နှစ်ပေါင်း ၇၀၀ သက်တမ်းရှိ တော်ဝင်အစဉ်အလာတရပ်ဖြစ်ပြီး အဖွဲ့ဝင်တွေဟာ ဘုရင်မကြီး အဲလစ်ဇဘက်၊ ထိပ်တန်း တော်ဝင်မျိုးနွယ်တွေနဲ့ နိုင်ငံအကျိုးပြု ပြည်သူ့တာဝန်တွေ ထမ်းဆောင်မှုမှာ အသိအမှတ်ပြုခံရပြီး နန်းတော်ကနေ ရွေးချယ်ပေးထားတဲ့ သူရဲကောင်း သို့မဟုတ် အမျိုးသမီး ၂၄ ဦး ပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။
အဖွဲ့ဝင်အသစ်တွေအဖြစ် ခန့်အပ်ခံရသူတွေထဲမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲလည်း ပါဝင်ခဲ့ပါတယ်။
တိုနီဘလဲဟာ မင်းသားဝီလျံ၊ မင်းသားချားလ်စ်နဲ့ တော်ဝင်မင်းသမီး အန်းတို့ အပါအဝင် တော်ဝင်မိသားစုဝင်တွေနဲ့အတူ ဝင်ဆာရဲတိုက် ဝန်းကျင်မှာ ပါဝင်လမ်းလျှောက်ခဲ့ပါတယ်။ ဘုရင်မကြီးကတော့ စီတန်းလှည့်လည်တဲ့အထဲမှာ မပါဝင်ပေမယ့်လည်း အဖွဲ့ဝင်သစ် ဖိတ်ခေါ်ပွဲနဲ့ နေ့လယ်စာ ဧည့်ခံပွဲကိုတော့ တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။
ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ ဒုတိယသားတော် မင်းသားအင်ဒရူးကတော့ တော်ဝင်ပွဲအခမ်းအနားတွေမှာ တစိတ်တပိုင်းတောင်မှ တက်ရောက်တော့မှာ မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မင်းသား အင်ဒရူးဟာ ဒီနှစ်အစောပိုင်းမှာ သူ့ရဲ့တော်ဝင်ဘွဲ့တွေ ဖယ်ရှားခံရပြီးနောက်မှာ အများပြည်သူရှေ့မှာ မတွေ့ရစေဖို့ မိသားစု ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက်ပိုင်း အင်ဒရူးဟာ တော်ဝင်အခမ်းအနားရဲ့ တချို့ပွဲတွေကိုတောင် မတက်ရောက်တော့ပါဘူး။
အင်ဒရူးဟာ နှစ်စဉ်ကျင်းပနေကျ စီတန်းလှည့်လည်တဲ့ အခမ်းအနားနဲ့ ဘုရားကျောင်းဝတ်ပြုပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း ဘက်ကင်ဟမ်နန်းတော် သတင်းရင်းမြစ်တစ်ခုက ပြောကြားပါတယ်။
အင်ဒရူးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး မကြာသေးခင်က ကျင်းပခဲ့တဲ့ ဘုရင်မကြီး နန်းစံသက် နှစ် ၇၀ ပြည့် ပလက်တီနမ်ရတုပွဲတွေကိုလည်း လွဲချော်ခဲ့ပါတယ်။