close

ဆုဖလားရယူရန် ပြောင်းရွှေ့လာခြင်းဖြစ်ဟု လီဗာပူးတိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ပြော

လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာက ဆုဖလားတွေ ရယူချင်တာကြောင့်ဖြစ်တယ်လို့ ဘင်ဖီကာကနေ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်က ပြောပါတယ်။

အသက် ၂၂ နှစ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးအတွက် လီဗာပူးအသင်းက ကနဦး ပေါင် ၆၄ သန်း ပေးချေရမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ပေါင် ၈၅ သန်းအထိ ရှိလာနိုင်ပါတယ်။

တပတ်လုပ်ခ ပေါင် ၁၄၀,၀၀၀ နဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုပြီးတဲ့နောက်မှာ လီဗာပူးအသင်းနဲ့အတူ ဆုဖလားတွေ အများကြီး ရယူသွားချင်ကြောင်း ဒါဝင်နူနက်ဇ်က ပြောသွားပါတယ်။

“လီဗာပူးအသင်းလို ကြီးမားတဲ့ ထိပ်တန်းအသင်းဆီကို ပြောင်းရွှေ့လာခဲ့ရလို့ အလွန်ကျေနပ်ဂုဏ်ယူမိပါတယ်။ လီဗာပူးအသင်းကို ပြိုင်ဘက်အနေနဲ့ ကစားဖူးသလို ချန်ပီယံလိဂ်ပွဲစဉ်တွေ အများကြီးလည်း ကြည့်ခဲ့ဖူးတယ်။ အသင်းရဲ့ကစားပုံက ကျနော်နဲ့ အံဝင်မယ်လို့ထင်တယ်။ ကျနော် ဒီကို ပြောင်းရွှေ့လာရခြင်းရဲ့ အကြောင်းအရင်းတခုက ဆုဖလားအောင်မြင်မှုတွေ ရယူချင်လို့ပါ။ လီဗာပူးနဲ့အတူ ဆုဖလားတွေအများကြီး ရယူသွားချင်တယ်” လို့ ဒါဝန်နူနက်ဇ်က ပြောပါတယ်။

နူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီကလပ် ဘင်ဖီကာအတွက် စုစုပေါင်း ၄၁ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

//
Up