ထိုင်းတောင်ပိုင်း ကျွန်းပေါ်စွန့်ပစ်ခံရသည့် ရိုဟင်ဂျာ ၅၉ ဦးကို UNHCR သွားရောက်ကြည့်ရှု

ထိုင်းတောင်ပိုင်း၊ ဆဒွန်းခရိုင်ရှိ၊ ကျွန်းစုတစ်ခုမှာ ငါးဖမ်းလှေနဲ့ လာရောက်စွန့်ပစ်ခံရတဲ့ ရိုဟင်ဂျာ ၅၉ ဦးကို ထိုင်းအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တာဝန်ရှိသူတွေ၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ လဝကရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေ ဇွန် ၁၄ ရက်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ကျွန်းပေါ်မှာ အစာရေစာငတ်ပြတ်နေတဲ့သူတွေကို ထိုင်းအမျိုးသားဥယာဉ်တာဝန်ရှိသူတွေက ကယ်ဆယ်ပြီး လောလောဆယ် အမှတ် ၄၃၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းထဲမှာ နေရာချထားပေးထားတာပါ။
UNHCR တာဝန်ရှိသူတွေ မေးမြန်းချက်အရ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းကဖြစ်ပြီး ၂၆ ဦးမှာ UNHCR လက်မှတ်တွေရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ လိုလားချက်ကတော့ တတိယနိုင်ငံတစ်ခုခုမှာ အခြေချပြီး ကောင်းမွန်တဲ့ဘဝထူထောင်ဖို့ဖြစ်တယ် လို့ ဆိုပါတယ်။
ထိုင်းလဝကရဲတပ်ဖွဲ့ ဒုရဲချုပ် လွိုင်းအင်ခဖိုင်းရို့တ်ကတော့ သူတို့တွေဟာ လူကုန်ကူးခြင်းခံရတဲ့ သားကောင်တွေဟုတ်မဟုတ် ဆက်လက်စစ်ဆေးနေကြောင်း၊ လူကုန်ကူးခံရတယ်ဆိုရင် လူမှုဖူလုံရေးနဲ့ကယ်ဆယ်ရေးဌာနကို ပို့ဆောင်မှာဖြစ်ပြီး လူကုန်ကူးမှုမမြောက်ရင်တော့ ထိုင်းပိုင်နက်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ လဝကအချုပ်ခန်းကို ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။
မီဒီယာတချို့မှာ ဖော်ပြသလို သူတို့ကို ပြည်နှင်ဒဏ်ပေးတာမဟုတ်ဘဲ လောလောဆယ် စားဝတ်နေ ရေး၊ ကျန်းမာရေး စတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနေတယ်လို့ ထိုင်းလဝကရဲက ပြောပါတယ်။
အမျိုးသား ၊ အမျိုးသမီးနဲ့ ကလေးတွေပါတဲ့ အဆိုပါရိုဟင်ဂျာ ၅၉ ဦးဟာ မလေးရှားနိုင်ငံကို သွားဖို့ ပွဲစားကို ၁ ဦးလျှင် မလေးရှားရင်းဂစ် ၁၀၀၀၀ ( ထိုင်းဘတ် ၇၉၀၀၀ ) နှုန်းနဲ့ ငါးဖမ်းလှေ ၁ စီးနဲ့ လိုက်လာပြီး ပင်လယ်ထဲ ၁၁ ရက် ခရီးနှင်ခဲ့ပါတယ်၊ ကျွန်းစုတနေရာ ရောက်တော့ လှေထိုးသားက သူတို့ကို ဒါမလေးရှားနယ်မြေဘဲလို့ပြောပြီး လိမ်လည်ချထားခဲ့တာပါ။
ဒီမတိုင်ခင်က ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာ စုစုပေါင်း ၁၁၁ ဦးရှိကြောင်း ၊ လဝကစအကျဉ်းစခန်းမှာ ၉၃ ဦး၊ လူမှုကယ်ဆယ်ရေးဌာနမှာ ၁၁ ဦးနဲ့ အကျဉ်းထောင်မှာ ၁ ဦးရှိတယ်လို့ ဆိုပါတယ်။
UNHCR ကသူတို့ကို တတိယနိုင်ငံပို့ဆောင်ရေးအစီအစဉ်နှေးကွေးတာကြောင့် အကျဉ်းခန်းမှာ နှစ်နဲ့ချီနေရသူတွေရှိပြီး ထောင်ဖောက်ထွက်ပြေးတာတွေလည်းရှိတယ်လို့ ထိုင်းလဝက ဒုရဲချုပ်က ပြောပါတယ်။