close

ရွေးကောက်ပွဲရှုံးနိမ့်မှုအတွက် ဒေါ်နယ်ထရမ့်က ဒုသမ္မတ မိုက်ပန့်စ်ကို ဖိအားပေးခဲ့

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ပစ်ဖို့ ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်ကို ဖိအားပေးခဲ့တယ်လို့ ပန့်စ်ရဲ့ လက်ထောက်တွေက ဇွန် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဇန္နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော်အဆောက်အဦ တိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးရေး လွှတ်တော်ကော်မတီမှာ ပြောလိုက်တာပါ။

ရီပတ်ဘလီကန်သမ္မတက တောင်းဆိုထားတဲ့အတိုင်း မဲလက်မှတ် တရားဝင်အတည်ပြုခြင်းကို ရပ်တန့်ဖို့ အခွင့်အာဏာမရှိကြောင်း ပန့်စ်က ထရမ့်ကို အကြိမ်ကြိမ်ပြောခဲ့တယ်လို့ ပန့်စ်ရဲ့ ဝန်ထမ်းအကြီးအကဲဖြစ်သူ မာ့ခ်ရှော့တ်က ရုပ်သံမှတ်တမ်းမှာ ပြောကြားခဲ့ပါတယ်။

ဒီလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားခိုင်းတဲ့ သူ့အစီအစဉ်ဟာ ဒုသမ္မတ ပန့်စ်ကို ဥပဒေချိုးဖောက်ရာ ရောက်စေကြောင်း တိုက်ခိုက်မှုမဖြစ်ခင် ၂ ရက်အလိုလောက်က ပြင်ပရှေ့နေ ဂျွန်အိစ်မန်းက ထရမ့်ရဲ့ရှေ့မှောက်မှာ ဝန်ခံပြောကြားခဲ့ကြောင်း ပန့်စ်ရဲ့အကြံပေး ဂရေဂရီ ဂျက်ကော့ဘ်က ပြောပါတယ်။

ပန့်စ်နဲ့ လွှတ်တော်အမတ်တွေဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သမ္မတ ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း တရားဝင်အတည်ပြုဖို့ တွေ့ဆုံနေချိန်မှာ ထရမ့်ဟာ သူ့ကို ထောက်ခံသူ အကြမ်းဖက်လူအုပ်က လွှတ်တော်ကို ခြိမ်းခြောက်နေမှန်း သိသိကြီးနဲ့တောင် လှုံ့ဆော်မှုကို ဆက်လုပ်ဆောင်ခဲ့တယ်လို့ ဒီမိုကရက်တစ်ဦးဆောင်တဲ့ အောက်လွှတ်တော် ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။

အဖွဲ့ဝင်ကိုးဦးပါ ကော်မတီဟာ ထရမ့်က သူ့ရှုံးနိမ့်မှုကို ပြောင်းလဲပစ်ဖို့ ကြိုးပမ်းမှုက သာမန်နိုင်ငံရေးထက် ကျော်လွန်ပြီး တရားမဝင်လုပ်ရပ် အပြုအမူတွေကို လုပ်ဆောင်ခဲ့တဲ့အမှုအဖြစ် တည်ဆောက်ဖို့ လုပ်နေတာပါ။

ဒီလထဲမှာလုပ်ဖို့ မှန်းထားတဲ့ လူထုကြားနာပွဲ အနည်းဆုံး ၆ ခုထဲက ၃ ခုကို လုပ်ထားပြီးပါပြီ။

ထရမ့်က သူ အမှားမလုပ်ထားကြောင်း ထပ်ခါတလဲလဲ ငြင်းဆိုခဲ့ပြီး ဒီမိုကရက် ဘိုင်ဒင်ကို အကျိုးရှိစေမယ့် မဲလိမ်လည်မှုကြီးတွေကြောင့်သာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာဖြစ်ကြောင်း မှားယွင်းတဲ့ စွပ်စွဲချက်တွေကို အကြိမ်ကြိမ် ပြောကြားခဲ့တာပါ။

ထရမ့်နဲ့ ကွန်ဂရက်လွှတ်တော်ထဲက ရီပတ်ဘလီကန်အဖွဲ့ဝင် အများအပြား အပါအဝင် သူ့ကိုထောက်ခံသူတွေဟာ ဇန္နဝါရီ ၆ ရက် အမှုကြားနာစစ်ဆေးတာကို နိုင်ငံရေးပယောဂတခုအဖြစ် ပယ်ချထားပါတယ်။

//
Up