close

တောင်ကိုရီးယားနိုင်ငံ အင်ဒိုနီးရှားသံရုံးရှေ့ မြန်မာအရေးလှုပ်ရှားသူများ ဆန္ဒပြ

အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာပြည်သူတွေဘက်က  ရပ်တည်ကာ လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ဖို့ တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့ရှိ အင်ဒိုနီးရှား သံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက   ဇွန် ၁၈ ရက် မနက်က သွားရောက်ဆန္ဒပြတောင်းဆို ကြပါတယ်။ 

ကိုရီးယားအခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ  NUG ထောက်ကူရေး အင်အားစုတွေက ဦးဆောင်ပြီး ဒီနေ့မနက် ဆန္ဒထုတ်ဖော် ပွဲပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးရေးကို စစ်ကောင်စီကတဆင့် ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် စစ်ကောင်စီအလိုကျ လိုက်လျောနေတာတွေကို  ရပ်တန့်ပေးရေး ဆန္ဒပြသူတွေကတောင်ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရကတဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေး၊ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ကာ အကူအညီတွေ ပေးရေး စတဲ့ အချက်တွေကိုတောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ဆန္ဒပြသူတွေက မြန်မာ၊ ကိုးရီးယား၊ အင်္ဂလိပ်  ၃ ဘာသာမျိုးဖြင့် ရေးသားထားတဲ့ ပြည်ပရောက်မြန်မာတွေရဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့  ကမ္ဘာ့အလှူရှင်တွေထံ တောင်းဆိုစာကို အင်ဒိုနီးရှားသံရုံး တာဝန်ရှိသူထံ ပေးအပ်ရာ အင်ဒိုနီးရှားသံရုံးတာဝန်ရှိသူက ကောင်းမွန်စွာ လက်ခံပေးပြီး ဆန္ဒပြသူတွေရဲ့ တောင်းဆိုစကားတွေကို နားထောင်ပေးခဲ့တယ်လို့ သိရပါတယ်။

//
Up