close

တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲလေကြောင်းအင်အားပြ

တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံစစ်တပ် ဇွန် ၇ ရက်က ပူးတွဲလေကြောင်းအင်အား သရုပ်ပြနေတဲ့ ရုပ်သံကို တောင်ကိုရီးယားစစ်တပ်က ထုတ်လွှင့်လိုက်ပါတယ်။

အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမန်က တောင်ကိုရီးယားနိုင်ငံဆီ လာရောက် လည်ပတ်နေချိန်မှာ ခုလို သရုပ်ပြခဲ့တာပါ။

တကယ်လို့ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မယ်ဆိုရင် ရှင်းလင်းအားကောင်းတဲ့ တုံ့ပြန်မှု ရှိလာမယ်လို့ ရှာမန်က ပြောထားပါတယ်။

လေကြောင်းအင်အား သရုပ်ပြရာမှာ F-35A စတဲ့လ်သ်တိုက်လေယာဉ်တွေ အပါအဝင် လေယာဉ်အစီးရေ ၂၀ ပါဝင်ပါတယ်။

အရင်နေ့ကတော့ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ အတွဲလိုက် ပစ်ခတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ တောင်ကိုရီးယားရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို မြေပြင်က မြေပြင်ပစ် ဒုံးကျည် ၈ စီး ပစ်လွှတ်ခဲ့ပါတယ်။

ဇွန် ၇ ရက် အစောပိုင်းမှာ ရှာမန်ဟာ တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ချိုဟယွမ်ဒေါင်နဲ့ ဆိုးလ်မြို့တော်မှာ တွေ့ဆုံပြီး မြောက်ကိုရီးယားအရေးကို ဆွေးနွေးခဲ့ပါတယ်။

အထီးကျန် မြောက်ကိုရီးယားဟာ လတ်တလောမှာ ဒုံးကျည်တွေ ဆက်တိုက် စမ်းသပ်ခဲ့ပါတယ်။ ဒါဟာ ငါးနှစ်ကြာ ရပ်ထားတဲ့ နျူကလီးယား လက်နက်တွေကို စပြီး စမ်းသပ်ဖို့ ပြင်ဆင်နေတာလို့ အကဲခတ်တွေက ယုံကြည်ကြပါတယ်။

မြောက်ကိုရီးယား ယွန်းဗြောင်းမြို့က အဓိက နျူကလီးယားစက်ရုံရဲ့ အခရာကျတဲ့ ပံ့ပိုးမှု အင်္ဂါရပ်တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးချဲ့နေတယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲ ရာဖယ် ဂရော့ဇီက ဇွန် ၆ ရက်မှာ ပြောခဲ့ပါတယ်။

//
Up