သီရိလင်္ကာ စီးပွားရေးအကျပ်အတည်းဖြေရှင်းရေး IMF ပါဝင်ကူညီမည်

သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်း ပိုဆိုးလာနေလို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) နဲ့ စတင်ဆွေးနွေးဖို့ စီစဉ်နေပါပြီ။
IMF ကိုယ်စားလှယ်အဖွဲ့ဟာ သီရိလင်္ကာနိုင်ငံဆီကို ဇွန် ၂၀ မှာ ရောက်လာတော့မှာဖြစ်ပြီး အကျပ်အတည်းကို ဖြေရှင်းဖို့ ငွေရှင်တွေဆီကနေ ငွေချေးရေး အစီအစဉ်အတွက် သီရိလင်္ကာ အစိုးရက ကြိုးစားနေပါတယ်။
IMF ကိုယ်စားလှယ်တွေရဲ့ ဆယ်ရက်ကြာ ခရီးစဉ်အတွင်း ကယ်ဆယ်ရေး သဘောတူညီချက်ကို အပြီးသတ်ဖို့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး ကြမှာပါ။
“IMF ပရိုဂရမ်ဟာ တခြားဘဏ္ဍာငွေဆိုင်ရာ ရွေးချယ်ခွင့်တွေကို ပံ့ပိုးပေးပေမယ့် အကူအညီပေးဖို့ IMFက ကြွေးမြီပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အဓိကထား စဉ်းစားနေတယ်လို့ ပြောထားပြီးသားပါ။ဒါကြောင့် ဆွေးနွေးပွဲကို နောက်တစ်ပတ်မှာ စတင်မယ်။ ဒါပေမဲ့ ကျနော့်အမြင်အရတော့ IMFဆီက ငွေရဖို့က နည်းနည်းနှေးသွားလိမ့်မယ်” လို့ အဗိုကာတာ တက္ကသိုလ်က တတ်သိပညာရှင် ဒါနနာ့သ် ဖှာနန်ဒိုက ပြောပါတယ်။
သီရိလင်္ကာနိုင်ငံဟာ အလွန်အမင်းလိုအပ်နေတဲ့ စက်သုံးဆီတင်သွင်းရာမှာ ပေးချေစရာ နိုင်ငံခြားငွေကို ရှာနေပြီး လက်ရှိ သိုလှောင်ထားတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်တွေ ရက်ပိုင်းအတွင်း ကုန်သွားတော့ မယ်လို့ ခန့်မှန်းထားပါတယ်။
ဇွန် ၁၇ ရက်မှာတော့ လောင်စာဆီပြတ်လပ်နေလို့ ပြည်သူ့ ဝန်ထမ်းတွေ အိမ်ကနေ နှစ်ပတ်ကြာ အလုပ်လုပ်ဖို့ အမိန့်ထုတ်ခဲ့ ရပါတယ်။
လာမယ့်လတွေအတွင်း စားနပ်ရိက္ခာပြတ်လပ်လို့ သီရိလင်္ကာနိုင်ငံသား ၅ သန်းအထိ တိုက်ရိုက်သက်ရောက်နိုင်တယ်လို့ ဝန်ကြီးချုပ် ရာနီးလ် ဝစ်ခရီမန်ဆင်းဂ်ရဲ့ ရုံးက ဇွန် ၁၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လာမယ့် လေးလတာကာလအတွင်း အကျပ်အတည်းကို အဆိုးရွားဆုံး ခံစားရတဲ့ သီရိလင်္ကာနိုင်ငံသား ၁ ဒသမ ၇ သန်းကို ကူညီရေး အမေရိကန်ဒေါ်လာ ၄၇ သန်း ကောက်ခံမယ့် အစီအစဉ်ကို ကုလသမဂ္ဂက ဖော်ပြခဲ့ပါတယ်။