close

စီးပွားရေးအကျပ်အတည်းကြောင့် သီရိလင်္ကာနိုင်ငံသားများ နိုင်ငံရပ်ခြားထွက်နိုင်ရေး ကြိုးပမ်း

နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ရာနဲ့ချီတဲ့လူတွေဟာ နိုင်ငံရပ်ခြားထွက်ခွာဖို့အတွက် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးတဲ့ ကောင်တာတွေမှာ စုပြုံလျှောက်နေကြပါတယ်။

ဒီဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၆ နှစ်တာကာလအတွင်း ဒီလောက်အတိုင်းအတာနဲ့ နိုင်ငံကူးလက်မှတ် လိုအပ်ချက်ကို မတွေ့ခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်ပထွက်ခွာမှုဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

ပတ်စ်ပို့အသစ်တွေအတွက် ဝန်ထမ်းပေါင်း ၁၆၀ လောက်ဟာ ပုံနေတဲ့လျှောက်လွှာတွေကို လက်စသတ်နိုင်ဖို့ စနေနေ့တွေမှာတောင် အလုပ်လုပ်ကြရကြောင်း လျှောက်လွှာခွင့်ပြုချက်ကို ကြီးကြပ်ပေးရတဲ့ ချန်ဒရာလယ်က ပြောပါတယ်။ ဒါတောင် နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးဖို့ တလလောက်ကြာတယ်လို့ ဆိုပါတယ်။

ဌာနအနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချထားပြီး အလုပ်ချိန်တွေတိုးချဲ့ကာ ပတ်စ်ပို့ အရေအတွက်ကို သုံးဆတိုး ထုတ်ပေးခဲ့ကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ တနေ့ကို လူ ၃,၀၀၀ လောက်က လျှောက်လွှာလာတင်နေတာလို့ ချန်ဒရာလယ်က ပြောပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ် ပထမငါးလမှာ နိုင်ငံကူးလက်မှတ် ၂၈၈,၆၄၅ ထုတ်ပေးခဲ့ပြီး မနှစ်က အလားတူကာလမှာ  နိုင်ငံကူးလက်မှတ် ၉၁,၃၃၁ အုပ် ထုတ်ပေးခဲ့ကြောင်း အစိုးရအချက်အလက်တွေအရ သိရပါတယ်။

မကြာသေးခင်က ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ဟာ စားနပ်ရိက္ခာ အကျပ်အတည်းက လပိုင်းပဲလိုတော့တယ်လို့ သတိပေးပြောကြားချက်ကြောင့် နိုင်ငံကနေထွက်ခွာဖို့ ရည်မှန်းထားတဲ့လူတွေက ပတ်စ်ပို့ကို အရေးတကြီး လုပ်ဆောင်လာကြတာပါ။

နိုင်ငံကူးလက်မှတ်ရဖို့ လူတဦးမှာ ရူပီး ၃ သောင်းကနေ ၃ သောင်းခွဲ (ကန်ဒေါ်လာ ၈၆ နဲ့ ၁၀၀ ခန့်) ရှိရပါမယ်လို့ ဒေသခံ မိုဟာမက်ရှာကီးလ်က ပြောပြပါတယ်။

လူပေါင်း ၂၂ သန်းရှိတဲ့ ကျွန်းနိုင်ငံမှာ စီးပွားရေး တလွဲစီမံခန့်ခွဲမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံခြားအရန်ငွေတွေ ကုန်ဆုံးသွားပြီးနောက်မှာ အစားအစာ၊ မီးဖိုချောင်သုံးဓာတ်ငွေ့၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတာပါ။

ငွေကြေးတန်ဖိုးကျဆင်းတာ၊ ၃၃ ရာခိုင်နှုန်းကျော် ငွေကြေးဖောင်းပွမှု၊ နိုင်ငံရေးနဲ့ စီးပွားရေး မသေချာမရေရာမှုတွေ ကြာရှည်နေတာတွေကလည်း လူအများကို ရွှေ့ပြောင်းဖို့ တွန်းအားပေးတဲ့အချက်တွေ ဖြစ်ပါတယ်။

//
Up