သီရိလင်္ကာသမ္မတကို ရာထူးမှဖယ်ရှားရေး ဆန္ဒပြခဲ့သည့် ကျောင်သားများ အကြမ်းဖက်ဖြိုခွင်းခံရ

သီရိလင်္ကာနိုင်ငံမှာ သမ္မတ ရာဂျာပက်စာကို ရာထူးကနေ ဖယ်ရှားဖို့ မေ ၁၉ ရက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရဲအဖွဲ့က မျက်ရည်ယိုဗုံး၊ မီးသတ်ရေပိုက်တွေကို အသုံးပြုပြီး လူစု ခွဲခဲ့ပါတယ်။
ရာနဲ့ချီတဲ့ ကျောင်းသားတွေဟာ ကိုလံဘိုမြို့လယ်တဝိုက် ချီတက်ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြနေစဉ် ဖြိုခွင်းခံလိုက်ရတာပါ။
ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ရေပိုက်တွေကို သုံးပြီး ဆန္ဒပြသမားတွေကို အကြိမ်ကြိမ် လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။
“သီရိလင်္ကာအစိုးရဟာ လူငယ်တွေကို သတ်ဖြတ်နေတယ်။ ဒါဟာ မှားယွင်းတဲ့လုပ်ရပ်ပဲ၊ ရာဂျာပက်စာဟာ အကြမ်းဖက်သမားပဲ” လို့ ဆန္ဒပြသမားတယောက်က ပြောပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းကျဆင်းပြီး တိုင်းပြည် ကျပ်တည်းလာတဲ့အချိန်မှာ ယူကရိန်းစစ်ပွဲကို အကြောင်းပြုလို့ လောင်စာဆီဈေးနှုန်းပါ မြင့်တက်လာတာကြောင့် ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေး ပျက်ကပ်နဲ့ ကြုံတွေ့ နေရပါတယ်။
တိုင်းပြည်စီးပွားရေးပြဿနာတွေကို အစိုးရက မဖြေရှင်းပေးနိုင်တာကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး အရင်တပတ်က သမ္မတနဲ့ ညီအစ်ကိုတော်တဲ့ ဝန်ကြီးချုပ် မဟင်ဒါ နုတ်ထွက်ပြီး အစိုးရတွင်း အပြောင်းအလဲတွေ လုပ်ခဲ့ရပါတယ်။
ဒါပေမယ့် အစိုးရ ဆန့်ကျင်သူတွေက မကျေနပ်သေးဘဲ သမ္မတ ရာဂျာပက်စာပါ နုတ်ထွက်ပေးဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။