close

မြန်မာအိုင်ဒေါအဆိုတော် ယောကီးရဲ့ ရှေ့တန်းတောတွင်းတနေရာ လက်ထပ်ပွဲ(ဓာတ်ပုံ)

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်ကရပ်တည်ပြီး ရှေ့တန်းကနေ တဘက်တလမ်းက ပါဝင်နေတဲ့ မြန်မာအိုင်ဒေါအဆိုတော် ယောကီးဟာ တောတွင်းတနေရာမှာ လက်ထပ်ပွဲဆင်နွှဲခဲ့ပါတယ်။

ယောကီးဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ Season 4 မှာ အေးမြဖြူ၊ ဘင်ဂျမင်ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာစတဲ့ ပြိုင်ပွဲဝင်တွေနဲ့အတူ ယှဉ်ပြိုင်ခဲ့ပြီး Top 5 အဆင့်ထိ ရောက်ရှိခဲ့ကာ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်တပ်က မတရားအာဏာသိမ်းယူပြီးနောက်ပိုင်းမှာတော့ ချင်းတိုင်းရင်းသားတယောက်ဖြစ်တဲ့ ယောကီးဟာ တော်လှန်ရေးမှာ တတပ်တအား ပါဝင်နေခဲ့တာကို တွေ့ရပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ မင်္ဂလာလက်ထပ်ပွဲ ကျင်းပတဲ့ မေ ၂၈ ရက် နေ့စွဲကို မှတ်တမ်းတင်ထားခဲ့ပြီး အမှတ်တရ ဓာတ်ပုံတွေကို မျှဝေထားခဲ့ကာ သတို့သမီးရဲ့ ပုံကိုတော့ လျှို့ဝှက်ထားခဲ့တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ၊ အကြမ်းဖက်တာတွေကို စစ်အုပ်စုက လုပ်ဆောင်နေတာမို့ နာမည်ကြီး အနုပညာရှင်တွေများစွာထဲ ဖမ်းဆီးခံနေရသူတွေလည်း ရှိနေသလို ထွက်ပြေးတိမ်းရှောင်နေကြရသူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေဟာလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်တော်သားတွေအနေနဲ့ အမှတ်တရားဘက်က မားမားမတ်မတ်ရပ်တည်ခဲ့ကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁၅ လကျော်အတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၉၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၁၈၅ ယောက်ထိ ရှိလာခဲ့ပြီလို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ထုတ်ပြန်ချက်အရ သိရပါတယ်။

//
Up