close

ကျောက်တော်မြို့က တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို စစ်ကောင်စီ ဖမ်းဆီး

ကျောက်တော်မြို့က လူမှုရေးတက်ကြွလှုပ်ရှာသူတစ်ဦးဖြစ်တဲ့ ကိုဇော်ဝင်း(လူထုဇော်ဝင်း)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၂၁ ရက် မနက်ပိုင်းက သူရဲ့နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျောက်တော်မြို့ခံတဦးက ပြောပါတယ်။

ကျောက်တော်မြို့မှာ ဇွန် ၂၀ ရက်နေ့ ညနေပိုင်းက မြို့မရဲစခန်း ဒုရဲအုပ်တဦးအပါဝင် ရဲသား နှစ်ဦးကို အေအေက ဖမ်းဆီးသွားတာကြောင့် စစ်ကောင်စီက မြို့ခံတချို့ကို လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့ခံတဦးက “ကိုဇော်ဝင်းကို ဖမ်းသွားဟုတ်တယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ စစ်တပ်က အင်အား ၄၀ လောက်နဲ့ သူအိမ်က ဖမ်းသွားတာ။ ဘယ်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ မြို့ဝင်မြို့ထွက်တွေ စစ်ဆေးရေးတွေ တင်းကျပ်ထားတယ်။ တခြားလူတွေကိုလည်း လိုက်ဖမ်းနေတာတွေ ရှိတယ်လို့သိရတယ်” လို့ ပြောပါတယ်။

ကျောက်တော်မြို့မှာ ဇွန် ၂၀ ရက်နေ့ညက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့တာတွေရှိတယ်လို့ ​မြို့ခံတွေက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီက ကျောက်တော်မြို့ထဲမှာ အချုပ်ကားတွေနဲ့ လိုက်လံဖမ်းဆီးနေတာတွေရှိပြီး လူဦးရေဘယ်လောက်၊ ဘယ်သူတွေ ဖမ်းဆီးခံထားရတယ်ဆိုတာ အတိကျမသိရသေးဘူးလို့ ကျောက်တော်မြို့ခံတဦးက ပြောပါတယ်။

ကျောက်တော်မြို့မှာ ဇွန် ၁၁ ရက်နေ့ကလည်း စစ်ကောင်စီ တပ်သား နှစ်ဦးကို အေအေက ဖမ်းဆီးခဲ့သလို ပုဏ္ဏားကျွန်းမြို့မှာလည်း ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီ တပ်သားတဦးကို အေအေက ဖမ်းဆီးခဲ့ပါတယ်။

ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးအထိ အေအေကဖမ်းဆီးထားပါတယ်။

//
Up