ဂန့်ဂေါမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးကျဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တပ်ရင်း(၁၄) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့ မြစ်သာတမံ ဧည့်ရိပ်သာမှာ တပ်စွဲထားတဲ့ စစ်(...)တွေဟာ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄နာရီခွဲလောက်မှာ အင်အား ၁၀၀ လောက်နဲ့ ယင်းမာ ရွာဘက်ကို စစ်ကြောင်းထိုးလာလို့ YDF တပ်ရင်း-၁၄ ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ YDFရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
YDF ဘက်က ၆၀ မမ မော်တာတွေ၊ Rocket Missile တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက်ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံး၊ အချို့ ဒဏ်ရာရရှိခဲ့ပြီး YDF ရဲဘော်တွေတော့ အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်ဟာ ယင်းမာရွာထဲကိုဝင်ပြီး နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲဒီကနေ စင်ပုံရွာထဲကို ဝင်မွှေပြီး ကျောင်းထိုင်ဆရာတော်ကို သေနတ်နဲ့ထောက်ကာ ဘုရားဌာပနာနဲ့ ငွေကြေးတွေကိုလုယူကြတယ်။ ပြည်သူတွေကိုလည်း ဘုန်းကြီကျောင်းဝင်းထဲမှာ ဝမ်းယားမှောက်ခိုက်ပြီး ဆွဲကြိုး၊ နားကတ်၊ လက်စွပ်၊ လက်ကောက်၊ လက်ကိုင်ဖုန်း၊ FZ ဆိုင်ကယ်တစီးနဲ့ Honda Click ဆိုင်ကယ်တစီးကိုလည်း အဓမ္မလုယူသွားတယ်” လို့ YDFရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေနဲ့ သူတို့ လှုပ်ရှားသွားလာတဲ့နေရာတွေကို သွားလာနေထိုင်တာတွေမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
ဂန့်ဂေါမြို့နယ်မှာ ယင်မာရွာနဲ့ စင်ပုံရွာကြားမှာ ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။