close

ကပ်ရောဂါဘေးအတွက် ငွေကြေးပိုလိုအပ်ပြီး ကြိုတင်စီစဉ်ထားရန်လိုဟု သမ္မတဘိုင်ဒင်ပြော

အမေရိကန်နိုင်ငံမှာ အနည်းဆုံး ဒီနှစ်အတွင်း ကိုဗစ်ရန်ပုံငွေ လုံလုံလောက်လောက် ရှိထားပေမဲ့ နောက်ထပ် လာမယ့်ကပ်ရောဂါအတွက် စီမံထားဖို့ ငွေကြေးပိုလိုအပ်ပြီး အစီအစဉ်လည်း ကြိုလုပ်ထားဖို့လိုတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇွန် ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ဘိုင်ဒင်နဲ့ သမ္မတကတော် ဂျီးလ်ဘိုင်ဒင်တို့ဟာ ဝါရှင်တန်ရှိ ကာကွယ်ဆေးထိုးပေးနေတဲ့ ဆေးခန်းကို သွားရောက်ချိန်မှာ ပြောခဲ့တာပါ။

သူ သမ္မတတာဝန် ယူထားကတည်းက မိဘတိုင်းကို သူတို့ရဲ့ ကလေးတွေအတွက် ကိုဗစ်-၁၉ ရန်ကနေ ကာကွယ်ဖို့ အခွင့်အလမ်းရရှိအောင်လုပ်ဖို့ ကတိကဝတ် ပြုထားကြောင်းနဲ့ ရွေးကောက်ခံအရာရှိတွေဟာ သူတို့ကလေးတွေကို ကာကွယ်ဆေး ထိုးပေးစေချင်ကြတဲ့ မိဘတွေကို ခက်ခဲအောင် မလုပ်သင့်ဘူးလို့လည်း မီဒီယာတွေကို ပြောပြပါတယ်။

ဒါဟာ နိုင်ငံရေးလုပ်ရမယ့်အချိန်မဟုတ်ကြောင်းနဲ့ သားသမီးတွေကို ဘေးကင်းအောင် တတ်နိုင်သမျှ လုပ်ပေးရတဲ့ မိဘတွေကိစ္စလို့လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတဝန်းမှာ ၆ လအောက် ကလေးငယ်များအတွက် ကိုဗစ်ကာကွယ်ဆေးကို စတင်ဖြန့်ဖြူးနေပြီ ဖြစ်ပါတယ်။

အမေရိကန်မှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေဟာ အသက် ၆ လမှ ၅ နှစ်အထိ ကလေးတွေအတွက် မိုဒါးနားရဲ့ နှစ်ကြိမ်ထိုး ကာကွယ်ဆေးနဲ့ အသက် ၆ လမှ ၄ နှစ်အထိ ကလေးတွေအတွက် ဖိုင်ဇာ ဘိုင်အိုအန်တက်ခ် သုံးချက်ထိုးစနစ်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် နှောင်းပိုင်းက ခွင့်ပြုခဲ့ပါတယ်။

ဒီတပတ် ဖိုင်ဇာထိုးရတဲ့ ကလေးတွေဟာ စက်တင်ဘာ ၁၂ ရက်နဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ တတိယမြောက် ကာကွယ်ဆေးကို ထိုးရမှာဖြစ်ပါတယ်။ အခုတပတ်မှာ ပထမဆုံး မိုဒါးနား ဆေးထိုးခံရတဲ့ ကလေးတွေဟာ ဇူလိုင် ၁၉ ရက်မှာ သူတို့ရဲ့ဆေးထိုးတာကို အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အငယ်ဆုံးကလေးတွေကို ဆေးထိုးပေးကြတဲ့ မိဘတွေ ဘယ်လောက်ရှိတယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

//
Up