close

တမူးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာမှာရှိတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွား ဆက်နွှယ်နေတဲ့  Mytel တာဝါတိုင်ကို တမူး PDF တပ်ရင်း ၃ က ဇွန် ၂၄ ရက်က ဖျက်ဆီးခဲ့တယ်လို့ တမူးPDF ထံကသိရပါတယ်။

Mytel တာဝါတိုင်အောက်ခြေက ဆက်သွယ်ရေးပစ္စည်းတွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ဆက်သွယ်မှု ပြတ်တောက်အောင် ပြုလုပ်ခဲ့တာလို့ တမူးPDF ကဆိုပါတယ်။

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အကျိုးစီးပွား မှန်သမျှကို တိုက်ဖျက်သွားမှာဖြစ်ပြီး  မိဘပြည်သူတွေအနေနဲ့  စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ ‌ဆက်စပ်လုပ်ကိုင်ခြင်းမပြုကြဖို့ တမူး PDFက သတိပေးလိုက်ပါတယ်။

ဇွန် ၂၃ ရက်ကလည်း တမူး-ကလေး ကားလမ်းပေါ်ကုန်တင်ယာဉ်တွေကို  တမူး PDF က စစ်ဆေးခဲ့ရာ ကုန်တင်ကားတစီးမှာ  စစ်ကောင်စီထုတ်မြန်မာဘီယာနဲ့ အရက်ပုလင်းတွေ တွေ့ရှိရတာကြောင့် ဖျက်ဆီးခဲ့ပါသေးတယ်။

လတ်တလောမှာ တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တမူး PDF တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပါတယ်။

//
Up