close

လွိုင်လင်လေးမြို့က NonCDM ကျောင်းဆရာ ၊ ဆရာမ ၆ ဦး ဖမ်းဆီးခံရ

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းက NonCDM ဆရာ/ ဆရာမ  ၆ ယောက်ဟာ  ဇွန် ၂၄ ရက်က  လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာခံခဲ့ရတယ်လို့  ကနဦးသတင်းရရှိပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ အထက်တန်းပြ ဆရာမဒေါ်နန်း၊ အလယ်တန်းပြဆရာမ ဒေါ် ခင်သန်း၊ ဒေါ်စုလေးငယ်၊ ဒေါ်မြထွေး ၊ မူလတန်းပြဆရာ ဦးအောင်ဇော်ထွေး၊ ဦးကောင်းဇေယျာငြိမ်းနဲ့ ဦးအောင်ဇော်ထွေးတို့ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖမ်းဆီးခံဆရာ ဆရာမတွေကို ဘယ်အဖွဲ့ကဖမ်းဆီးတယ်၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ အသေးစိတ်မသိရသေးပါဘူး။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ) ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒီဒေသအတွင်းမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့၊ KA၊ KNDF၊ PDFနဲ့ တခြားသော ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အပြိုင်အဆိုင်စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။

ကယား (ကရင်နီ)ပြည်နယ်အတွင်းက မြို့ပေါ်မှာသာ စစ်ကောင်စီတပ်လက်အောက်ခံ အခြေခံပညာရေးကျောင်း တချို့ ဖွင့်လှစ်နိုင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖွင့်လှစ်တဲ့စာသင်ကျောင်းတွေမှာတော့ တက်ရောက်တဲ့ ကျောင်းသူ/ သားဟာ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေထက် ပိုမိုများပြားနေပါတယ်။ 

လက်ရှိ NonCDM ဆရာ/ ဆရာမ ၆ ဦး ဖမ်းဆီးခံရတဲ့ လွိုင်လင်လေးမြို့မှာ ရဲတပ်ဖွဲ့စခန်း၊ တိုက်နယ်ဆေးရုံ၊ မီးသတ်ဌာန အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအားလုံး ပိတ်သိမ်း ထားရပါတယ်။

//
Up