close

မိုးကုတ်တွင် လူတစုက PDF နာမည်သုံးပြီး ခြိမ်းခြောက်ငွေတောင်းနေ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ PDF နာမည်တပ်ပြီး လူတစုက ခြိမ်းခြောက်စာပစ် ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လပိုင်းတွင်းကစတင်ပြီး အခုလို ဖြစ်ပွားနေကာ ငွေကြေးတတ်နိုင်တဲ့သူတွေကို လက်နက်အင်အား လိုတဲ့အတွက် ငွေကြေးပေးဖို့ စာထဲမှာရေးသားပြီး တောင်းခံနေတယ်လို့ ဆိုပါတယ်။

အဲဒီလိုတောင်းခံတဲ့နေရာမှာ အလှူငွေ ငါးသိန်းကောက်ခံမှာဖြစ်ပြီး မပေးဘူးဆိုရင် မိုင်းလား ပစ္စတိုကျည်ဆန်တွေနဲ့ လာမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ခြိမ်းခြောက်ခံရတဲ့ ဒေသခံတဦးက ပြောပါတယ်။

မိုးကုတ်မြို့ထဲမှာ အဲဒီလို စာပစ်တောင်းခံခဲ့ရတဲ့အိမ် လေးအိမ်လောက်ရှိနေပြီဖြစ်ပြီး စာကို ညဖက်မှာ စာအိတ်နဲ့ပိတ်ပြီး ခြံဝင်းထဲ ပစ်ထားခဲ့တာလို့ ဆိုပါတယ်။

အဲဒီစာထဲမှာတော့ PDF အဖွဲ့နာမည် အတိအကျကိုတော့ ရေးသားထားတာမရှိပဲ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်တုန်းကလည်း PDF နာမည်တပ်ပြီး ငွေ ၇ သိန်း ခြိမ်းခြောက်စာရေးသားပေးပို့တာ ခံခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

အခုလို PDF အမည်သုံးပြီး ခြိမ်းခြောက်ငွေတောင်းသူတွေဆီကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ဘယ်အဖွဲ့ကဆိုတာကို မသိရသလို ​ခြိမ်းခြောက်ဆဲဆိုတာတွေပဲ တုံ့ပြန်ခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Red Wolves of Mogok တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီလို PDF နာမည်တပ်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့စာမှာလည်း ပြည်သူတွေနဲ့ PDF ကို သွေးခွဲတဲ့စာတွေပါတဲ့အတွက် အခုလုပ်ရပ်ကို စစ်ကောင်စီဘက်က လုပ်တာဖြစ်နိုင်တယ်လို့ Red Wolves of Mogok အဖွဲ့က ဆိုပါတယ်။

အခုလိုလုပ်ရပ်တွေနဲ့ ပတ်သက်လို့  PDF နာမည်တပ်ပြီး စာပစ်ခြိမ်းခြောက်ငွေတောင်းနေသူတွေကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက  ဇွန်လ ၁၄ ရက်နေ့က ရှုတ်ချသတိပေးစာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

//
Up