close

ကေအိုင်အေစိုက်ထူထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်းဘုတ်များကို စစ်ကောင်စီဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ  ကေအိုင်အေ စိုက်ထူထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်တွေကို ဇွန် ၂၇ ရက် မနက်အ‌စောပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်းတောင်ကျေးရွာအဝင်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ချိုးဖဲ့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက “စစ်သား‌တွေ ရဲတွေ အယောက် ၃၀ လောက်ရှိမယ်။ အဲ့ဒီဆိုင်းဘုတ်တွေကို ရိုက်ချိုး ဖျက်ဆီးသွားတယ်"လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်ကို ဇွန် ၂၅ ရက်နေ့က စိုက်ထူထားတာဖြစ်ပြီး မှော်စီးဇာ၊ မဇွတ်ယန်ရွာနဲ့ လုံးခင်းကျေးရွာ‌တွေမှာစိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတယ်လို့ ကျေးရွာဒေသခံတွေက‌ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဘာကြောင့်အခုလို  ဆိုင်းဘုတ်တွေ ဖျက်ဆီးခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးပွဲ ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

//
Up