close

နယူးယောက်တွင် အမျိုးသမီး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

နယူးယောက်မြို့ရဲ့လမ်းပေါ်မှာ ကလေးတွန်းလှည်းတွန်းနေတဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ဇွန် ၂၉ ရက်က ဦးခေါင်းကို သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ နယူးယောက်ရဲဌာနက ပြောပါတယ်။

ပစ်ခတ်ခံရသူကို မက်ထရိုပိုလီတန်ဆေးရုံစင်တာကို ပို့ဆောင်ခဲ့ပြီး အဲဒီမှာပဲ သူဟာ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်ပြီး သူ့ကလေးကတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

မန်ဟက်တန် အရှေ့ဘက်ခြမ်းက အခင်းဖြစ်ပွားရာနေရာအနီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နယူးယောက်မြို့တော်ဝန် အဲရစ် အဒမ်စ်က သေနတ်သမားကို ကူညီရှာဖွေပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

“ဒီကြောက်စရာကောင်းတဲ့ ရာဇဝတ်မှု ကျူးလွန်သူကို ရှာဖွေပြီး တရားမျှတမှုရအောင် လုပ်သွားမှာပါ။”

နေထိုင်သူတွေကတော့ စုံစမ်းစစ်ဆေးမှုလုပ်မှာဖြစ်လို့ အဲ့ဒီနေရာကို ရှောင်ပေးဖို့ နယူးယောက်ရဲတပ်ဖွဲ့ NYPD က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ သေနတ်သမားက အမျိုးသမီးကို နောက်ကနေ ချဉ်းကပ်ပြီး ဦးခေါင်းကို သေနတ်နဲ့ တချက်တည်း ပစ်သတ်လိုက်တာပါ။ ဇွန် ၂၉ ရက်ညအထိ သံသယရှိသူကို ဖမ်းမိထားခြင်း မရှိသေးပါဘူး။

ဒီပစ်ခတ်မှုဟာ နယူးယောက်မြို့ရဲ့ လမ်းတွေနဲ့ မြေအောက်ရထားတွေပေါ်မှာ ကြုံရင်ကြုံသလို ဖြစ်ပွားတတ်ပြီး ဒေသခံတွေ စိုးရိမ်သောကရောက်ကြရတဲ့ သေနတ်ပစ်ခတ်တိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။

//
Up