close

ယူကရိန်းနိုင်ငံ မြွေကျွန်းမှ ရုရှားတပ်များ ပြန်ဆုတ်သွားပြီဟု သမ္မတ ဇလန်းစကီးပြော

ယူကရိန်းသမ္မတ ဇလန်းစကီးက မြွေကျွန်းကနေ ရုရှားတပ်တွေ ပြန်ဆုတ်သွားပြီလို့ ဇွန် ၃၀ ရက်မှာ ပြောပါတယ်။

ဒါပေမဲ့ ရန်သူက ဘယ်အချိန်မှာ ပြန်လာမလဲ ဆိုတာကတော့ အာမ မခံနိုင်သေးဘူးလို့လည်း ပြောပါတယ်။

မြွေကျွန်းကနေ ရုရှားတပ်တွေ ဆုတ်သွားတာဟာ ယူကရိန်းပင်လယ်ဆိပ်ကမ်းတွေ ရုရှားထိန်းချုပ်ထားမှုကနေ ဖြေလျှော့မှုတချို့ ရလာနိုင်ပါတယ်။

ယူကရိန်းနိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ မြွေကျွန်းကို ရုရှားက ယူကရိန်းကို စတိုက်တဲ့နေ့မှာပဲ ဝင်သိမ်းခဲ့တာပါ။

အခု မြွေကျွန်းကနေ ရုရှားတပ်တွေ ပြန်ဆုတ်ပေးတာဟာ ကုလသမဂ္ဂက ကြားဝင်ကြိုးစားနေတဲ့ ယူကရိန်းဆိပ်ကမ်းတွေကနေ ကောက်ပဲသီးနှံ ပြန်တင်ပို့နိုင်ရေး၊ လူသားချင်းစာနာမှုလမ်းကြောင်း ပြန်ဖွင့်ရေးကို ဖျက်လိုဖျက်ဆီး မလုပ်လိုတာကြောင့်လို့ ရုရှားဘက်က ဆိုပါတယ်။

လောလောဆယ်မှာ ဒွန်းဘက်စ်ဒေသက စစ်ရေးအခြေအနေဟာ အလွန်တရာ ခက်ခဲနေတယ်လို့ ယူကရိန်းသမ္မတက ဆက်ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ဒွန်းနက်စ်နဲ့ လူ့ဟန့်စ် ဒေသနှစ်ခု ပါဝင်တဲ့ ရုရှားနဲ့နယ်စပ် ဒွန်းဘက်စ်ဒေသထဲက မြို့တွေဟာ ရုရှားတပ်တွေ တိုက်ခိုက်တာကို ခံနေရပါတယ်။

//
Up